25.1 C
Yangon

ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဥ်းသား ဦးအောင်ကိုဦး ကျန်းမာရေး ဆိုးဝါးလာချိန် ဆေးကုသခွင့် မရ၍ သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

တနင်္သာရီတိုင်း၊ ထားဝယ်ထောင်ရှိ နိုင်ငံရေးအကျဥ်းသား ၁ ဦး ကျန်းမာရေး ဆိုးဝါးလာချိန် လုံလောက်သည့် ဆေးဝါးကုသမှုမရ၍ အကျဉ်းကျနေစဉ်အတွင်း ကွယ်လွန်သွားကြောင်း ထားဝယ်ခရိုင်နိုင်ငံရေးအကျဥ်းသားများကွန်ရက် က ယမန်နေ့ သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်း နှလုံးဖောက်သည့် ဝေဒနာနှင့် နိုင်ငံရေးအကျဉ်းသား ဦးအောင်ကိုဦး ကျဆုံးသွားခြင်းဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၄၈ နှစ်အရွယ် ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသား ဦးအောင်ကိုဦးသည် အကျဥ်းကျခံနေရချိန် ကျန်းမာရေး အခြေအနေဆိုးရွားသည့်အတွက် မကြာခဏ ဆေးရုံကို တက်ရောက်ပြီး ကုသမှုခံယူခဲ့ရကြောင်း၊ သို့ရာတွင် ထောင်တွင်းသို့ ပြန်ခေါ်ပြီးနောက် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရခဲ့၍ ရောဂါအခြေအနေ မသက်သာဘဲ ပိုမိုဆိုးရွားခဲ့ကြောင်း၊ အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းတွင်မူ ထားဝယ်‌ပြည်သူ့ဆေးရုံရှိ အကျဥ်းသားများ ကုသဆောင်တွင် ဆေးကုသမှုခံယူနေချိန် နှလုံးဖောက် သေဆုံးသွားခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်နိုင်ငံရေးအကျဥ်းသားများကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူကထောင်ထဲမှာ ကျန်းမာရေးတော်တော် မကောင်းဘူး။ ခဏခဏသွေးတွေသွင်းရတယ်။ အခုတစ်ခေါက်ဆို ဆေးရုံထွက်လာကတည်းက တော် တော်အ‌ခြေအနေဆိုးနေပြီကြားတယ်” ဟု ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသား ဦးအောင်ကိုဦးသည် ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာမှ ဖြစ်ပြီး ၂၀၂၁ ခုနစ် နှစ်အစပိုင်းကတည်းက ထားဝယ်ထောင်မှာ ပုဒ်မ ၅၀၅-က၊ ဖောက်ခွဲ ၅ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၈ နှစ်အမိန့်ချထံထားရသူဖြစ်ကြောင်း၊ ထားဝယ်အကျဥ်းထောင်အတွင်း ထောင်အာဏာပိုင်များ၏ လုံလောက်သည့်ဆေးဝါးကုသပေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိ၍ အကျဥ်းကျနေချိန်အတွင်း သေဆုံးရသူများသည် ဦးအောင်ကိုဦးအပါအဝင် ၃ ဦးအထိရှိပြီဖြစ်ကြောင်း ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။

(တနင်္သာရီတိုင်းမ်နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန ပူးပေါင်းရေးသားသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article