ရန်ကုန်၊ အောက်တိုဘာ ၅
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ခုန်တိုင်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကာ စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးကာ နေအိမ်များရှိ ပစ္စည်းများကိုလည်း ခိုးယူလုယက်သွားကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA ပြန်ကြားရေးဌာနမှ တာ၀န်ခံ ကိုသာချိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မင်းတုန်းမြို့မှ အလယ်ချောင်းရဲစခန်းသို့ လူချိန်းရန်လာသည့် အင်အား ၄၀ နီးပါးပါ စစ်သားနှင့်ရဲများ ပူးပေါင်းထားသော စစ်ကြောင်းသည် မင်းတုန်းမြို့မှ ညောင်းကြပ်ကျေးရွာထိ light truck ကား ၁ စီး၊ အိမ်စီးကား ၁ စီးဖြင့် ထွက်ခွာလာကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ညောင်းကြပ်ရွာမှ တဆင့် အလယ်ချောင်းရဲစခန်းရှိရာကို ဦးတည်ပြီး ခြေလျင်စစ်ကြောင်းထိုးလာစဉ် ခုန်တိုင်ရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲ ၁၅ မိနစ်နီးပါး ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ကို မျက်မြင်တွေ့မြင်ခဲ့သော်လည်း အရေအတွက် အတိအကျကို ဆက်လက်စုံစမ်းနေကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းသည် မင်းတုန်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းတုန်းမြို့သို့ ပြန်လည် ဆုတ်ခွာရာ လမ်းတစ်လျှောက်ရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ပြည်သူပိုင် နေအိမ်များကိုလည်း ဝင်ရောက် စီးနင်းကာ စားသောက်ကုန်များနှင့် တန်ဖိုးရှိသော အသုံးဆောင် ပစ္စည်းများကိုလည်း ခိုယူသွားကြောင်း သိရှိရသည်။
“တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေ ထိခိုက်သေဆုံးတာကို မျက်မြင်တွေ့မြင်ခဲ့ပေးမယ့် အရေအတွက်ကိုတော့ ဆက်လက် အတည်ပြုနေပါတယ်။ ကျနော်တို့ဘက်က ရဲဘော် တချို့တော့ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရတာရှိပါတယ်” ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA ပြန်ကြားရေးဌာနမှ တာ၀န်ခံ ကိုသာချိုက ပြောဆိုသည်။
