25.4 C
Yangon

ဖားကန့်၊ နမ္မဖြစ်ကျေးရွာအုပ်စုတွင် ယနေ့ ညပိုင်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာအုပ်စုတွင် ယနေ့ ညပိုင်း တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး လက်ရှိ ညပိုင်းအချိန်ထိ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာဘက်ခြမ်းမှ နမ္မဖြစ်ကျေးရွာအုပ်စု၊ မလန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် ငြိမ်းချမ်းသာယာကျေးရွာနှင့် မလန်းကျေးရွာအစပ်ရှိ စံတော်ဝင်ကုမ္ပဏီဝင်းထဲတွင် တပ်စွဲပြီး နမ္မဖြစ်ကျေးရွာအုပ်စု၊ မလန်းကျေးရွာ ခိုင်လုံကုန်းဘက်မှ ကျောက်စိမ်းတောင်ဘက်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မလန်းကျေးရွာ ခိုင်လုံကုန်းကို ကျရောက် ပေါက်ကြွခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရပြီး မလန်းကျေးရွာ ခိုင်လုံကုန်းနှင့် ကျောက်စိမ်းတောင်မှ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“ထိတွေ့ တိုက်ပွဲက ဒီနေ့ ညပိုင်းထိကို ဖြစ်နေတယ်။ စစ်ခွေးတွေကလည်း လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်ခတ်နေပြီး အပြန်အလှည် ပစ်ခတ်နေတုန်းပဲ။ မလန်းကျေးရွာ ခိုင်လုံကုန်းနဲ့ ကျောက်စိမ်းတောင်က ပြည်သူတွေလည်း ငြိမ်းချမ်းသာယာကျေးရွာနဲ့ လုံးခင်းကျေးရွာဘက်ကို စစ်ဘေးရှောင်နေကြရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းရွာ ကု‌ဋေမှော်၊ ခရေစီ လက်ဖက်ရည်ဆိုင်အနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ဦးခေါင်းတွင် ဗုံးစထိမှန်ကာ သေဆုံးခဲ့ကြောင်း၊ ဖားကန့်မြို့သို့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းများ ရောက်ရှိလာချိန်မှစ၍ ပြည်သူ ၈၀ ကျော် သတ်ဖြတ်ခံထားရပြီး ၃၀၀ နီးပါးဒဏ်ရာရရှိကာ ဖားကန့်အနောက်ခြမ်းရှိ ကျေးရွာ ၁၅ ရွာမှ ပြည်သူသောင်းချီ၍ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article