တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၉ ရက်နေ့တွင် မြိတ်မြို့နယ်၊ တုံးဗျောကြီးရွာရှိ အင်အား ၁၀ ဦးခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စက်တင်ဘာလ ၂၉ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၃ ကောင်သေပြီး ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ ဇွန်လ ၂၄ ရက်နေ့ကလည်း မြိတ်မြို့ဘက်မှ အင်အားအပြည့်တင်ဆောင်လာသော စစ်ယာဉ်တန်းကိုလည်း မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ဗိုလ်ခရင်းတပ်ဖွဲ့ နှင့် တနင်္သာရီပကဖ ဇုန်၃ ပူးပေါင်း တပ်ဖွဲ့က တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာ အနီးတွင် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှည် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
