ရန်ကုန်၊ အောက်တိုဘာ ၇
မုံရွာနှင့်ချောင်းဦးမြို့နယ်အစပ် တစ်နေရာတွင် သီတင်းကျွတ် မီးထွန်းပွဲနှင့် ဆီမီးသပိတ် လုပ်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိကြောင်း ချောင်းဦးဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ် လပြည့်ည ၇ နာရီခန့်အချိန် မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အစပ်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် ဆီမီးသပိတ်ပြုလုပ်နေစဉ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ် လေထီးများဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချရာတွင် စက်တပ်လေထီးများဖြင့် အကြိမ်ကြိမ် ပျံသန်း ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူ ၂၀ ဦးကျော်ရှိပြီး ၄၀ ကျော် ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများတွင် ခေါင်းပြတ်၊ ကိုယ်ခန္ဓာအပိုင်းပိုင်း ပြတ်ထွက်သွားသူများလည်းရှိကြောင်း၊ အလောင်းများမှာ ယမန်နေ့ညပိုင်းအထိ မကောက်ရသေးသော အလောင်းများရှိကြောင်း သိရှိရသည်။
“အလောင်းတွေက အခုအထိ ဘယ်သူဘယ်ဝါမှန်းကိုမသိသေးပါဘူး။ တချို့ အလောင်းတွေကမကောက်ရသေးဘူး။ အခုအထိတော့ အလောင်း ၂၀ အထက် တော့ရှိမယ်။ ဒဏ်ရာရတာက ၄၀ ပတ်ချာလည်လောက်ရှိတယ်။ စက်တပ်လေထီးနဲ့ အကြိမ်ကြိမ် ဗုံးတွေ ကျဲချတာ။ သေဆုံးတဲ့အထဲမှာ တော်လှန် ရေးရဲဘော်တချို့လည်း ပါတယ်။ ရက်စက်လွန်းပါတယ်” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။
သေဆုံးသူများတွင် ကလေးငယ်များလည်း ပါဝင်ပြီး လက်ရှိအချိန်အထိ ယင်းနေရာကို ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေး အပြိး သတ် မလုပ်နိုင်သေးကြောင်း၊ ပျောက်ဆုံးသူများလည်းရှိနေဆဲဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများတွင်လည်း ဒဏ်ရာ ပြင်းထန်သူများ ပါဝင်ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။


