ရန်ကုန်၊ အောက်တိုဘာ ၇
ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ ၃၂ လမ်း အထက်ဘလောက် Beauty Land Hotel အခန်းအမှတ် ၅၀၂ တွင် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်မှုအတွက် သံသယရှိခံရသော အမျိုးသား ၁ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၆ ရက် နံနက်ပိုင်း ပန်းဘဲတန်းမြို့ နယ်၊အမှတ် ၁၁ ရပ်ကွက် ၊ ၃၂လမ်း (အထက်)၊ Beauty Land Hotel ၊ အခန်းအမှတ် ၅၀၂ တွင် အမျိုးသမီး ၁ ဦးကိုအပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်သွားပြီး အလောင်းကို အမှိုက်အိတ်အပြာဖြင့် ထုပ်ပိုး ပစ်ထားခဲ့ကြောင်း၊ အဆိုပါ အမှုအတွက် အမျိုးသမီးကို သတ်ဖြတ်သူဟု သံသယရှိခံရသော အမျိုးသားကို ရဲတပ်ဖွဲ့က ရရှိထားပြီး ဖမ်းဆီးရရှိရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။
” အသတ်ခံရတဲ့ အမျိုးသမီးက အဲဒီဟိုတယ်။ အဲဒီအခန်းမှာ နေတာ နည်းနည်းတော့ကြာပြီ။ ကျူးလွန်သူလို့ ယူဆရတဲ့သူကလည်း အဲဒီအခန်းကို လာလိုက်သွားလိုက်ရှိတယ်လို့ သိရတယ်။ ကျူးလွန်သူရဲ့ ဓာတ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ CCTV မှတ်တမ်းတွေ လည်းရဲက ရထားတယ်။ အခုထက်ထိတော့ မမိသေးဘူး။ လိုက်ဖမ်းနေတုန်းပဲလို့ သိရတယ်။ ဘာကြောင့် သတ်တာလဲဆိုတာကတော့ ဖမ်းမိမှပဲ သိမယ်”ဟု Beauty Land Hotel တည်ရှိရာ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်က ရှင်းပြသည်။
ယမန်နေ့ ရန်ကုန်မြို့လယ်၊ Beauty Land Hotel မှ ရက်ရက်စက်စက် သတ်ဖြတ်ထားမှုမှာ ပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး မည်သည့်အတွက်ကြောင့် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ကို အများစုက သိရှိချင်ကြကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြည်သူများက ပေးပို့လာသော မှတ်ချက်များအရ သိရှိရသည်။
“ဆေးကြောင်လို့ သတ်တာလား၊ ဒီလို လူတစ်ဦးကို အပိုင်းပိုင်းဖြတ်ပြီး အမှိုက်အိတ်နဲ့ ထည့်ပြီး ပစ်။ ပြီးတော့ ထွက်သွားဖို့ဆိုတာ တော်ရုံစိတ်နဲ့တော့ မလုပ်နိုင်ဘူး။ ဆေးသမားမို့ ဆေးကြောင်ပြီး လုပ်တယ်လို့ မြင်တာပဲ။ နောက်ပြီး ဟိုတယ်တွေမှာ အချိန်ပိုင်း တည်းခိုခွင့်ပြုတာတွေ၊ ဟိုတယ်တွေမှာ လုံခြုံရေး ပေါ့ပေါ့လျော့လျော့ဖြစ်နေလို့ လူသတ်သွားတာကိုတောင် သတိမထားမိတာလား။ အဆိုးဆုံးကတော့ ရန်ကုန်မြို့လယ်မှာ ဖြစ်သွားတာကိုပါ။ ဒီလောက်မြို့လယ်ခေါင်မှာ စိန်ပြေနပြေ သတ်သွားတာ။ လက်ရဲဇက်ရဲ လုပ်သွားတာ။ ကိုယ့်ဟာကိုယ်တောင် မလုံခြုံဘူးလို့ ခံစားရတယ်” ဟု ရန်ကုန်မြို့လယ်တွင် နေထိုင်သော ရွှေအရောင်းအဝယ် လုပ်ကိုင်သော ရွှေအကျိုးဆောင်ပွဲစားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မှတ်ချက်ပေးပို့ ပြောဆိုထားသည်။
ဓာတ်ပုံ- ၃၂ လမ်းအထက်ဘလောက်ရှိ Beauty Land Hotel နှင့် ဟိုတယ်အတက်အဆင်း ဓာတ်လှေကား CCTV တပ်ဆင်ထားစဉ်။

