ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့၊ အမှတ် ၈ ရပ်ကွက် ဗုဗ္ဗာရုံဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ကျောင်းပျက်စီးသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် TNLA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ နံနက် ၆ နာရီ ၃၃ မိနစ်အချိန် အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်က နမ္မတူမြို့၊ အမှတ် ၈ ရပ်ကွက်၊ ဗုဗ္ဗာရုံဘုန်း ကြီး ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် ဘုန်းကြီးကျောင်းမှာ လုံး၀ ပျက်စီးသွားကြောင်း သိရှိရသည်။
“နမ္မတူ ရပ်ကွက် ၈ ဗုဗ္ဗာရုံကျောင်းကို ဒီမနက်အစောပိုင်းမှာ ဗုံးကျဲချသွားတာ။ ကျောင်းကတော့ ရစရာမရှိအောင်ပျက်စီးသွားတယ်။ လူသေဆုံးမှုတော့ မကြားမိဘူး” ဟု နမ္မတူဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း နမ္မတူမြို မြိုမဈေးရပ် ရက်ကွက် ၂ သို့ ဂျက်ဖိုက်တာဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၆ လုံးပျက်စီးသွားခဲ့သည်။
အောက်တိုဘာလ ၂ ရက်နေ့ကလည်း စစ်တပ်က နမ္မတူမြို့ ပုဗ္ဗာရုံဘုန်းကြီး ကျောင်းအနီးရှိ နေအိမ်ကို လေကြောင်းဖြင့် ဗုံးကြဲချမှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးသွားပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။
“အောက်တိုဘာလ ၂ ရက်နေ့ ဗုံးတွေစကျဲလို့ လူသေဆုံးမှုရှိကတည်းက မြို့ပေါ်က တော်တော်များများ စစ်ရှောင်နေကြပါပြီ။ အဲဒါကြောင့် အထိအခိုက်နဲ့ သေ ဆုံးမှုနည်းလာတာပါ။ မြို့မှာလည်း နီးစပ်ရာကို ချိတ်ဆက်ပြီး စစ်ရှောင်ကုန်ကြပြီ။ အိမ်အစောင့်လောက်ပဲ ကျန်ခဲ့တာ” ဟု နမ္မတူမြို့မှ ပြည်သူက ဆက်လက်ပြောဆိုသည်။


