မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သားဖြစ်သူကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်က အီတလီလွှတ်တော်သို့ သွားရောက် အရေးဆိုခဲ့ကြောင်း သူ၏ လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂ ရက်နေ့ တွင် အီတလီလွှတ်တော်သို့ သွားရောက်ခဲ့ပြီး အီတလီအမျိုးသားလွှတ်တော် (Senate)တွင် ဥက္ကဋ္ဌ အီညာဇီယို လာ ရူစ်ဆာ (Ignazio La Russa)က ဖိတ်ခေါ်မိတ်ဆက်ပေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ လို့ မိတ်ဆက်လိုက်တဲ့အခါ လွှတ်တော်တက်ရောက်နေတဲ့ လက်ဝဲ၊လက်ယာ နိူင်ငံရေးအဖွဲ့— နှစ်ဖက်စလုံး မတ်တပ်ထရပ်ပြီး လက်ခုပ်ဩဘာပေးကြတယ်။ အဲဒီအချိန်လေးဟာ နိုင်ငံရေးအမြင်ကွဲပြားမှုများကျော်လွန်ပြီး နှစ်ဖက်အတူတကွ ဂုဏ်ပြုလိုက်တဲ့ အဓိပ္ပာယ်အပြည့်ရှိတဲ့ အခိုက်အတန့်ပါဘဲ။ မေမေ့ လွတ် မြောက်ရေး နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးဟာ နိုင်ငံရေးထက် ကျော်လွန်တယ်ဆိုတာ ပြသလိုက်ခြင်းဖြစ်တယ်” ဟု ကိုထိန်လင်းက ပြောဆိုထားသည်။။
ထို့ပြင် အီတလီလွှတ်တော်၏ နိုင်ငံခြားရေး အထူးကော်မတီဥက္ကဋ္ဌ လွှတ်တော်အမတ် ပီယာ ဖာဒီနန်ဒို ကာစီနီ (Pier Ferdinando Casini) နှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူများ၏ လွတ်လပ်ရေးနှင့် တရားမျှတမှုရရေးတို့အတွက် ပံပိုးကူညီမှုများကို ကျေးဇူးတင်သည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က အမေဖြစ်သူ လွတ်မြောက်ရေးအတွက် နိုင်ငံတကာတွင် သွားရောက် အရေးဆို လှုပ်ရှားလျက်ရှိပြီး မကြာသေးခင်ကလည်း တရုတ်သမ္မတ ရှီကျင့်ပင်ထံသို့ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေးအတွက် အကြမ်းဖက် စစ်တပ်ကို ဖိအားပေးရန် တောင်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းထောင်အတွင်း နှလုံးရောဂါ ဆိုးဝါးနေပြီး အထူးကုဆရာဝန်နှင့်ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ခွင့်မပြုကြောင်း သားဖြစ်သူ ကိုထိန်လင်းက ထုတ်ဖော်ပြောဆိုထားသည်။

