ရန်ကုန်တိုင်းတွင် ဗျူဟာစစ်ကြောင်း ၁ ထံ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရန်ကုန်ဗျူဟာစစ်ကြောင်း ၁ က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၆ ရက်နေ့တွင် ရန်ကုန်ဗျူဟာ စစ်ကြောင်း ၁ ထံသို့ စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် MA အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက်များနှင့် ကျည်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်၊ လေးကော့ကော်တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် လက်နက်များ ယူဆောင်လာပြီး ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၆ ရက်နေ့တွင် စစ်တပ်၏ တပ်မ ၂၂ မှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် MA အမျိုးအစား သေနတ်များ ယူဆောင်လာပြီး ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်ရောက်လာသောကြောင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင်လည်း သီတာယုမွန်အဖွဲ့မှ ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြင်းခြံမြို့နယ်၌ သီတာယုမွန် ဦးဆောင်သောအဖွဲ့မှ ပျူစောထီး အောင်ပိုင်ထက်နှင့် အောင်ဖြိုးဝေတို့ကို တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပျူစောထီး အောင်ပိုင်ထက်နဲ့ အောင်ဖြိုးဝေ တို့ ၂ ဦးကို မြင်းခြံမြို့နယ် တနေရာမှာ အရှင်ဖမ်းမိခဲ့ပါတယ်။ သူတို့ ၂ ဦးလုံးက သီတာယုမွန် ဦးဆောင်တဲ့ အဖွဲ့က သူတို့ကို ဆက်လက်ပြီးတော့ စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်” ဟု ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။
အဆိုပါ ဖမ်းဆီးမှုကို မြင်းခြံမြို့နယ် ပကဖနှင့် ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


