26.6 C
Yangon

ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး၊ ပုလောမြို့နယ်ရှိ မင်းပြင်ရွာကိုလည်း စစ်တပ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၇

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၈ မိနစ်ခန့်တွင် ဆောထိမြို့နယ်၊ သံဆိပ်မင်းလမ်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၅၇ တပ်ရင်းက ပျဉ်ရေကျေးရွာ အတွင်းကို ဒရုန်းဖြင့်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာနေ ပြည်သူ ဦးကျော်သူရ နေအိမ်ပေါ် ဗုံးကျရောက် ပေါက်ခဲ့ပြီး အသက် ၃၆ နှစ်အရွယ် မသဲမာ နှင့် ဒေါ်ခင်လှ တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် တော်ဝိကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၀ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ကွင်းဒလကြီးကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၄ နှစ်အရွယ် ဒေါ်သက်ဝင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူလူထုများကို ပစ်မှတ်ထားပြီး တိုက်ခိုက်လျှက် ရှိသောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ နေ့စဉ်နှင့်အမျှ ထိခိုက်သေဆုံးနေရပြီး စိုးရိမ် ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မင်းပြင်ရွာကိုလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဒုတိယ အကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က မင်းပြင်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်မည်မျှ မီးလောင် ပြာကျသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားခြင်း မဖြစ်ဘဲနဲ့ စစ်ခွေးတွေက နေအိမ်တွေကို မီးဝင်ရှို့သွားတာ အဲရွာက ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ နေအိမ်ပျက်စီးမှု အခြေအနေကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီကျော်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က မင်းပြင်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article