ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲမှု ကလေးငယ် ၁ ဦးအပါအ၀င် ပြည်သူ ၉ ဦးသေဆုံးသွားကြောင်း TNLA ကသတင်းထုတ် ပြန်သည်။
ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် မိုင်းလုံမြို့နယ် မန်ဟုန်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရာမှ အသက် ၃၇ နှစ်အရွယ် ဦးအိုက်ဆန်ကြာ၊ အသက် ၃၅ နှစ်အရွယ် ဦးစံပွင့်၊ အသက် ၂၉ နှစ်အရွယ် ဦးစိုင်းအောင်ဆာ၊ အသက် ၂၇ နှစ်အရွယ် ဦးအိုက်ထက်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်အုန်းခင်၊ အသက် ၂၅ နှစ်အရွယ် ဒေါ်လှစိန်၊ အသက် ၃၉ နှစ်အရွယ် ဒေါ်အေးမေ၊ အသက် ၂၉ နှစ်အရွယ် ဒေါ်ခင်ပ၊ အသက် ၂၂ နှစ်အရွယ် ဒေါ်အေးတိတ်နှင့် အသက် ၂ နှစ်အရွယ် မောင်အိုက်ဦးတို့ ထိမှန်သေဆုံးခဲ့ပြီး ပြည်သူလူထု ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်တပ်က ယနေ့ နံနက် ၇ နာရီ ၃၃ မိနစ်အချိန် နမ္မတူမြို့နယ် ရက်ကွက် ၈ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကိုလည်း ဂျက်ဖိုက်တာပေါ်မှ ပေါင် ၅၀၀ ဗုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နမ္မတူမြိုရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီက သီပေါမြို့၊ နမ္မတူမြို့နှင့် စစ်တပ်က လွှတ်လက်ဆုံးရှုံးထားရသော ဒေသများသို့ လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။


