စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ ထန်းတပင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောင်စီးနင်းပြီးနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဇီးကုန်းမြို့ပေါ် သကြားစက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ထန်းတပင်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ထန်းတပင်ရွာကို အင်အား ၁၅၀ လောက်နဲ့ ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့သွားတယ်။ ပြည်သူတချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပေမယ့်အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါ။ ပြည်သူတွေလည်း တကွဲတပြားနဲ့ တိမ်းရှောင်နေရတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဇီးကုန်းမြို့ပေါ်၌လည်း ပြည်သူပိုင် ကားများဖြင့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများလုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် ဇီးကုန်မြို့ပေါ်တွင် လူသွားလူလာမရှိတော့ကြောင်း သိရသည်။
“ဇီးကုန်းမြို့ပေါ်မှာလည်း စစ်ခွေးတွေက ဒီနေ့ နံနက်ပိုင်းကနေ ညနေပိုင်းထိ ပြည်သူပိုင် ကားတွေနဲ့ လူငယ်တွေကို လိုက်ဆွဲနေတာ ပါသွားတဲ့သူများတယ်ဆိုပဲသိရတယ်။ အရေအတွက်ကိုတော့ မသိရသေးဘူး” ဟု မြို့ပေါ်နေ ပြည်သူများက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန်မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)
