ရန်ကုန်၊ အောက်တိုဘာ ၉
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ လူငယ် ၅ ဦးကို ပေါ်တာဆွဲဖမ်းဆီး၍ ငွေကျပ် သိန်း ၁၆၀ တောင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၇ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး မြက်ရိတ်နေသည့် အသက် ၁၇ နှစ်အရွယ် အမျိုးသား ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။
ယင်း စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း လူသယ် ၅ ဦးကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်များကို တစ်ဦးလျှင် ငွေကျပ် သိန်း ၁၆၀ ဖြင့် လိုက်လံ ထုတ်ယူခဲ့ရကြောင်း သိရသည်။
” နတ်တလင်းမြို့ ပျဉ်ပုံရွာမှာ စစ်ခွေးတွေက ရွာသား ၅ ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၆၀ တောင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ နောက်ပြီး စစ်ခွေးတွေက မြက်ရိတ်နေတဲ့ အသက် ၁၇ နှစ်အရွယ် ကောင်လေး ၁ ဦး ကိုလည်း သေနတ်နဲ့ပစ်သတ်သွားတယ်။ ဘာကြောင့် ပစ်သတ်သွားလဲဆိုတာတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် အစပ်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ပြည်သူများကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေငံရွာမှ ပြည်သူ ၈ ဦး ၊ သရက်တောရွာမှ ပြည်သူ ၆ ဦး နှင့် မအူတန်းရွာမှ ပြည်သူများကိုပေါ်တာဆွဲ ဖမ်းဆီးသွားပြီး လက်ရှိချိန်တွင် လူသားဒိုင်းပြုလုပ်ထားကြောင်း သိရှိရသည်။
ထို့ပြင် ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းတွင်လည်း အကြမ်းဖက် စစ်တပ်က FAW ကား ၂ စီးဖြင့် အင်အားများ ထပ်မံ ဖြည့်တင်းထားကြောင်း သိရသည်။
