24.7 C
Yangon

စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်နေသည့် အကြမ်းဖက် စစ်အုပ်စုကို တရားစွဲဆို အပြစ်ပေးရန်နှင့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများကို GSCB တောင်းဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်နေသည့် အကြမ်းဖက် စစ်အုပ်စုကို တရားစွဲဆို အပြစ်ပေးရန်နှင့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများကို တောင်းဆိုကြောင်း သဘောထား ထုတ်ပြန်ချက်ကို ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာနှင့် ချောင်းဦးမြို့နယ်အစပ် တစ်နေရာ၌ သီတင်းကျွတ် ဆီမီးထွန်းပွဲ ကျင်းပနေသည့် နေရာကို အကြမ်းဖက် စစ်အုပ်စုက စက်တပ်လေထီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ သေဆုံးခဲ့သူများတွင် မုံရွာ-အမြင့်လမ်း သပိတ်ကော်မတီမှ ရဲဘော်များဖြစ်သည့် ကိုချမ်းငြိမ်းအောင်၊ ကိုညီညီဇော်၊ ကိုကံမြင့်လွင် နှင့် ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီမှ ရဲဘော်ဖြစ်သည့် ကိုကျော်ဇင်ဦး(ခ) ကိုကုလားတို့လည်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ခဲ့မှုများကြောင့် သေဆုံးခဲ့ရသည့် အမျိုးသမီး၊ ကလေးသူငယ်အပါအဝင် အရပ်သားပြည်သူလူထုနှင့် ထိခိုက်ဒဏ်ရာရသူများ အားလုံးအတွက် ၎င်းတို့၏ မိသားစုဝင်များနှင့်ထပ်တူ အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု – GSCB ကလည်း ဝမ်းနည်းကြေကွဲကြောင်း၊ ယခုကဲ့သို့ စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်နေသည့် အကြမ်းဖက် စစ်တပ်ကို အပြီးတိုင်ဖယ်ရှား၍ ပြည်သူလူထုတရပ်လုံးက မျှော်မှန်းသည့် လူသားဂုဏ်သိက္ခာကို အသိမှတ်ပြုသော၊ တန်းတူညီမျှသော၊ လွတ်လပ်တရားမျှတသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်ရန်အတွက်လည်း အစွမ်းကုန် ကြိုးစားအားထုတ် သွားမည် ဖြစ်ကြောင်း GSCB က ပြောဆိုထားသည်။

သီတင်းကျွတ်လပြည့်ည၌ ဆီမီးထွန်းညှိခြင်းသည် ဗုဒ္ဓဘာသာ၏ ဘာသာရေးထုံးတမ်း အစဉ်အလာ တစ်ခု ဖြစ်ပြီး ထိုကဲ့သို့ ဆီမီးထွန်းညှိ၍ မိမိတို့ အလိုရှိရာ ဆန္ဒများကို ဆုတောင်းကြသည်မှာလည်း မြန်မာ့ရိုးရာဓလေ့ တစ်ခုဖြစ်ကြေင်း၊ ထို့ကြောင့် သီတင်းကျွတ် လပြည့်ည၌ ဆီမီးထွန်းညှိ၍ ဆုတောင်းမှုများ ပြုလုပ်ခြင်းသည် နိုင်ငံသားတိုင်း၊ လူသားတိုင်း၌ အလိုအလျောက်ရှိပြီး ဖြစ်သည့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခြင်းနှင့် လွတ်လပ်စွာ စုဝေးခြင်းစသည့် မွေးရာပါ လူ့အခွင့်အရေးများနှင့် အညီ ပြုလုပ်ကြခြင်းသာ ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ ဖိနှိပ်၍ စိုးမိုးထားသော နေရာဒေသများတွင် ဘာသာရေး ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများကို ဟန်ပြ ပြုလုပ်လျက် နိုင်ငံအနှံ့တွင်ရှိသော ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုများ၊ အဓမ္မ စစ်မှုထမ်းခိုင်းမှုများနှင့် ဖမ်းဆီးမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ၎င်းတို့ တရစပ် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ရှောင်လွှဲ၍ နိုင်ငံရေးခဝါချနိုင်ရန် ရည်ရွယ်၍ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတစ်ရပ် ဖြစ်မြောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် တော်လှန်ရေး အင်အားစု အသီးသီး အနေဖြင့်လည်း အကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံး အပြီးတိုင် ဖယ်ရှားနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်နိုင်ရေးတို့ အတွက် သွေးစည်းညီညွတ်မှု အပြည့်ဖြင့် မမှိတ်မသုန် အင်တိုက်အားတိုက် ကြိုးပမ်း သွားကြရန်နှင့် ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့်လည်း ပါဝင် တော်လှန်နိုင်မည့် တော်လှန်ရေးနည်းနာများကို မပြတ်တမ်းကိုင်စွဲ၍ တော်လှန်ရေး အင်အားစုများနှင့် အတူ ပါဝင်တော်လှန် ပေးကြပါရန်လည်း GSCB က တိုက်တွန်းထားသည်။

နိုင်ငံတကာရှိ အစိုးရများနှင့် အဖွဲ့အစည်းများကလည်း စစ်ရာဇဝတ်သား အကြမ်းဖက် စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင် ကန့်ကွက်ရုံသာမက ၎င်းတို့အား နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်၍ နိုင်ငံတကာ ယန္တရားများတွင် တရားစွဲဆို အပြစ်ပေးနိုင်ရန် ဝိုင်းဝန်းကြိုးစားပေးစေလိုကြောင်း၊ ၎င်းတို့ ဖန်တီး ပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲ အပါအဝင် ၎င်းတို့၏ လုပ်ရပ်အားလုံးကို အသိအမှတ်မပြုကြ စေလိုကြောင်း နှင့် သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးနှင့် ချိတ်ဆက်၍ နစ်နာ ခံစားခဲ့ရသည့်သူများအတွက် ထိရောက်၊ အကျိုးရှိသည့် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးကြရန်လည်း GSCB က တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article