24.7 C
Yangon

မန္တလေး-မိုးကုတ် လမ်းပိုင်းကို စစ်တပ်က ယနေ့ နံနက်ပိုင်းမှ စတင်၍ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေပြီး မြေပြင်တွင်လည်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေ၊ မတ္တရာမြို့နယ် အတွင်းကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး-မိုးကုတ် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းမှ စတင်၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေပြီး မြေပြင်တွင်လည်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က သပိတ်ကျင်းမြို့နယ် အတွင်းရှိ မန္တလေး-မိုးကုတ် လမ်းပိုင်းကို ဂျက်ဖိုက်တာ၊ Y-12 တို့ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် မိုးကုတ်လမ်းဆုံကို ပြန်လည် သိမ်းပိုက်နိုင်ရန်အတွက် မန္တလေး-မိုးကုတ် လမ်းပိုင်းကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုများပြားသော်လည်း အင်အားများ အကြိမ်ကြိမ် ဖြည့်တင်းကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့လည်း ဂျက်ဖိုက်တာ၊ Y-12 နဲ့ တနေကုန်လုံးကို ကျဲချ တိုက်ခိုက်နေတာ Y-12 က ညနေလောက်မှ ပြန်သွားတာ အကြိမ်ရေ မနည်းဘူး။ ပတ်ဝဲပြီး ကျဲချ တိုက်ခိုက်သွားတာ ထိတွေ့ တိုက်ပွဲကလည်း နေ့တိုင်းကို ဖြစ်တယ်။ စစ်ကြောင်းတွေကလည်း တဖြေးဖြေးတိုးလာလို့ တိုက်ပွဲက ရှေ့ဆက်ပြီး ပြင်းထန်လာမယ်ထင်တယ်။ မန္တလေး- မိုးကုတ်လမ်းပိုင်းမှာပဲ တိုက်ပွဲတွေက ဖြစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကိုလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ဥက္ကံရွာ အနီးတစ်ဝိုက်ကို Jet Fighter ၁ စီးက Rocket ၂ လုံးဖြင့်ပစ်ခတ်သွားကြောင်း၊ ထို့ပြင် မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင်လည်း ဥက္ကံရွာအနီးကို အကြမ်းဖက် စစ်တပ်က Jetfighter ၁ စီးက ဗုံး ၂ လုံး ထပ်မံကျဲချ တိုက်ခိုက်သွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရပြီး အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း Voice Of Mandalay မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article