ရန်ကုန်၊ အောက်တိုဘာ ၁၀
ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်ရှိ ဆေးဆိုးပန်းရိုက် စက်ရုံတွင် အကြောင်းမဲ့ အလုပ်ထုတ်ခံရသည့် မြန်မာ အလုပ်သမား ၃၈ ဦးကျော်ကို ထိုက်သင့်သည့် ရပိုင်ခွင့်များ ရရှိရေး NUG အလုပ်သမားဝန်ကြီးဌာနနှင့် MHAC အဖွဲ့က ညှိနှိုင်းပေးနေကြောင်း MHAC မဟာမိတ်အဖွဲ့မှ အမှုစိစစ်စီစဥ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံ ဇင် က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာလ ၆ ရက်နေ့တွင် ထိုသို့ အလုပ်ထုတ်ခံရသော မြန်မာ အလုပ်သမား ၃၈ ဦးကျော်သည် MHAC အဖွဲ့ထံ အကူအညီ တောင်းခံခဲ့၍ နယ်မြေခံစဝါဒီကန်ရုံး၌ အမှုဖွင့်ကာ တိုင်ကြားခြင်းကြောင့် NUG အလုပ်သမားဝန်ကြီးဌာနနှင့် MHAC အဖွဲ့က ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယင်းသို့ အလုပ်ထုတ်ခံလိုက်ရသည့် အလုပ်သမားများသည် လုပ်သက် ၃ လ မှ ၂၀ နှစ်ကျော်ကြာမြင့်နေပြီဖြစ်သော်လည်း လုပ်ငန်းရှင်က ကြိုတင် အသိပေးခြင်းမရှိဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူဋ္ဌေးဘက်ကနေ အလုပ်သမားတွေနဲ့ ညှိဖို့ပြောလာတော့ နယ်မြေခံစဝါဒီကန်ရုံးမှာ ညှိကြတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အလုပ်သမားတွေ ရှေ့မှာ ရှိပါတယ်။ ရသင့်ရထိုက်တာတွေရဖို့ ပြီးဆုံးတဲ့အထိ အလုပ်သမားတွေနဲ့အတူတူရပ်တည်သွားမှာပါ”ဟု MHAC မဟာမိတ်အဖွဲ့မှ အမှုနှင့်ပြန်ကြားရေးတာဝန်ခံ ဇင် က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်တလောတွင် နောက်ထပ် ညှိနှိုင်းရန် ရက်ချိန်းတစ်ခုအား ထပ်မံ သတ်မှတ်လိုက်ပြီး အမှုပြီးဆုံးသည်အထိ အလုပ်သမားများနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့က ကြေညာထားသည်။

