ရခိုင်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသည့်အပြင် ပြည်သူများကို ဖမ်းဆီးမှုများ တိုးမြှင့်လာ၍ စစ်ရေး သတိရှိကြရန် AA က သတိပေးချက် ထုတ်ပြန်လိုက်သည်။
ရခိုင်ရှိ ပင်လယ်ကမ်းနီး မြို့၊ ရွာများမှ ပြည်သူများအနေဖြင့် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ ရေကြောင်း၊ လေ ကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပါရန်နှင့် စစ်ရေးသတိရှိကြပါရန် AA က သတိပေးလာခြင်းဖြစ်သည်။
စစ်တပ်က လွန်ခဲ့သော နှစ်နှစ်တာကာလနီးပါး အတောအတွင်း ၎င်းတို့ ဆုံးရှုံးခဲ့ရသည့် တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်များအပါအဝင် စစ်ရေး၊ နိုင်ငံရေးအရ အချက်အချာကျပြီး ၎င်းတို့ စွန့်လွှတ်ခဲ့ရသော နေရာအချို့၊ မြို့၊ ရပ်ရွာများအား ပြန်လည်သိမ်းပိုက်ရယူရန်အတွက် မြန်မာနိုင်ငံအနှံ့ ထိုးစစ်ကြီးများကို ပြုလုပ်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ် ကြောင်း၊ အာရက္ခဒေသအတွင်း၌လည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးများပြုလုပ်ကာ (အထူးသဖြင့်) ကျောက်ဖြူတွင် ထိုးစစ်များကို ၂၀၂၅ ခုနှစ်၊ မတ်လဆန်းမှစတင်၍ ကြိမ်ဖန်များစွာပြုလုပ်ခဲ့သော်လည်း ထိရောက်မှုမရှိဘဲ အထိအခိုက် အကျအဆုံးများကိုသာ ရင်ဆိုင်နေရကြောင်း AA က ပြောသည်။
AA အနေဖြင့်လည်း အာရက္ခဒေသအတွင်း သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မြို့များကို ဆက်လက်သိမ်းပိုက်ရယူရန် ကြိုးစားနေသည့်အချိန် တစ်ပြိုင်နက်တည်းတွင် အာရက္ခဒေသနှင့် နယ်မြေချင်းထိစပ်လျက်ရှိသော မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း) နှင့် ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ်အတွင်း) တို့၌လည်း ရန်သူ၏ ထိုးစစ်တိုင်းကို ကြံ့ကြံ့ခံ၍ တန်ပြန်ထိုးစစ်ဆင်လျက်ရှိသောကြောင့် အဆိုပါနေရာများ၌ တိုက်ပွဲများ နေ့တိုင်းနီးပါး ဖြစ်ပွားလျက်ရှိသည်ဟု သိရှိရသည်။
လက်ရှိအချိန် အာရက္ခတပ်တော် နှင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တို့သည် နှစ်ဖက်စလုံးအတွက် စစ်ရေးအချက် အချာကျသော နေရာ ၅ ခု၌ အပြန်အလှန်ထိုးစစ်များနှင့်အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခဲ့ကြသည်မှာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် စစ်တပ်က အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာများထဲမှ အချို့သော နေရာများအား ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း AA က ပြောသည်။
စစ်တပ်၏ စစ်သင်္ဘောများက ပင်လယ်ပြင်မှနေ၍ စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ ပင်လယ်ပြင်ကမ်းနီးအတွင်း တစ်နိုင်တစ်ပိုင်ဝမ်းစာရှာ ငါးဖမ်းထွက်နေကြသည့် ရေလုပ်သားပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ယခုရက်များအတွင်း ဆက်တိုက်ပြုလုပ်လာနေကြောင်းသိရှိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် သံတွဲမြို့၊ တောင်မကျည်းတိုက်နယ်၊ ဆတ်လည်မျှော်ကျေးရွာမှ အရပ်သား ရေလုပ်သားပြည်သူ ၄ ဦးဖြစ်ကြသော အသက် ၅၁ နှစ်အရွယ် ဦးမောင်ကို ၊ အသက် ၄၂ နှစ်အရွယ် ဦးကျော်ဝေသန်း ၊ အသက် ၅၀ နှစ်အရွယ် ဦးဖိုးနီ နှင့် အသက် ၃၉ နှစ်အရွယ် ဦးညီညီနှစ် တို့ကို ပင်လယ်ပြင်ကမ်းနီး၌ ငါးဖမ်းနေစဉ် စစ်ကော်မရှင်၏ ရေတပ်က ဖမ်းသွားကြောင်း၊ အလားတူ အောက်တိုဘာလ ၃ ရက်နေ့တွင် စစ်တပ်က ကျောက်ဖြူမြို့၊ ဆားပြင်ကွင်း ရပ်ကွက်မှ ရေလုပ်သားပြည်သူ ၂၀ ကျော်ကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်သင်္ဘောများ ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံတွဲ ငပလီကမ်းခြေအနီးနှင့် လင်းရိုးတောင်ထက်၌ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်ကော်မရှင်၏ သံတွဲမြို့ပေါ်ရပ်ကွက်များရှိ အပြစ်မဲ့အရပ်သား ပြည်သူများအပေါ် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ စက်တင်ဘာလ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အရပ်သားနေအိမ်များနှင့် ဘုန်းကြီးကျောင်းဝင်း နေရာအချိုတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း စစ်ကော်မရှင်၏ စစ်သင်္ဘောများပေါ်မှ သံတွဲမြို့နှင့် မြို့ ပတ်ဝန်းကျင်နေရာအများအပြားသို့ လက်နက်ကြီးများဖြင့် တောက်လျှောက် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၄ နာရီ ၀၄ မိနစ်မှ ၄ နာရီ ၁၄ မိနစ်အတွင်း ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာ ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်သို့ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးဖြင့် ၁၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၉ ရက်နေ့တွင်လည်း စစ်တပ်က သံတွဲ (ငပလီ) ကမ်းခြေ မျက်နှာချင်းဆိုင်တွင် အထိုင်ချထားသော ၎င်းတို့၏ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် သံတွဲမြို့ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့သည်သာမက သံတွဲ နှင့် ဂွ မြို့ပေါ်တွင် Y8 ၊ Y12 လေယာဉ်များဖြင့် ၄ နာရီခန့်ကြာ မရပ်မနား ဆက်တိုက်ဝဲပျံနေခဲ့ကြောင်း၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက် ၈ နာရီခန့်အချိန်တွင် သံတွဲမြို့အနီး ပတ်ဝန်းကျင်အား ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
