31.5 C
Yangon

ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ဆင်မြေရွာသို့ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်း၊‌ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ဆင်မြေရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ဆင်မြေရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ရှမ်းထူးရွာနှင့် ငါးလုံးတင်ဆင်မြေရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး ရှမ်းထူးရွာတွင် ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ငါးလုံးတင်ဆင်မြေရွာတွင် ပြည်သူ ၂ ဦး သေဆုံးကာ ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ပစ်တာက လက်နက်ကြီး ၆ လုံးပစ်ခဲ့တာ ကျ‌ရောက်‌ပေါက်တဲ့ နေရာက ရှမ်းထူးရွာဘက်လည်း ကျသလို ငါးလုံးတင်ဆင်မြေရွာဘက်လည်း ကျတယ်။ ရှမ်းထူးရွာဘက်ကတော့ လူအထိခိုက်မရှိခဲ့ဘူး။ ငါးလုံးတင်ဆင်မြေရွာဘက်ကျတော့ စစ်ဘေးရှောင် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာပြင်းထန်ရသွားတယ်။ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးက လက်နက်ကြီးကျပြီးပြီးခြင်း ပွဲချင်းပြီး သေဆုံးခဲ့ရတယ်။ အသက် ၆၀ အဖွားအိုကတော့ ဒီနေ့ မနက်ခင်းမှ ထပ်မံ သေဆုံးခဲ့ရတာပါ။ နောက်ထပ် ဒဏ်ရာရ ကလေး ၂ ဦးကတော့ ဆေးကုသမှု့ ခံနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ချောင်းဦးမြို့နယ် အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေသောကြောင့် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ချောင်းဦးမြို့ ထွေ/အုပ်ရုံးက စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေလို့ အခုလည်း ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိတာကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်နေတာ” ဟု ချောင်းဦးမြို့နယ်တွင် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

ထို့ပြင် အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီခန့်ကလည်း စစ်တပ်က ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာတွင် ပြုလုပ်သော ဆီမီးထွန်းပွဲသို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကနဦး ပြည်သူ ၂၀ သေဆုံးခဲ့ပြီးနောက် ဒဏ်ရာရရှိသူများ တဖြည်းဖြည်း ထပ်မံ သေဆုံးခဲ့ကြောင်း၊ ယခုအခါ သေဆုံးသူ စုစုပေါင်း ၂၄ ဦး အထိရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article