မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဖောင်းလင်းအုပ်စု ငွေတောင်ကျေးရွာမှ လူငယ် ၁၁ ဦး ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စလင်းမြို့နယ် ဖောင်းလင်းအုပ်စု ငွေတောင်ကျေးရွာရှိ လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပေါ်တာဆွဲ ခံရသော လူငယ် ၁၁ ဦးအထိရှိလာကြောင်း၊ လူငယ်များ အလုပ်မှ ပြန်လာစဉ် အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများအဖွဲ့များက ပူးပေါင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းသိရှိသည်။
“စလင်းမြို့နယ် ဖောင်းလင်းအုပ်စု ငွေတောင်ကျေးရွာက လူငယ် ၁၁ ဦး တောထဲမှာ အလုပ်လုပ်ပြီး အိမ်အပြန် လမ်းမှာ စစ်ခွေးတွေက ဖမ်းဆီးခံရတာပါ။ ပျူစောထီးတွေက မြို့ပေါ် ဖမ်းရရင်ရ မရရင် ကျေးရွာတွေ ထဲလိုက်ဖမ်းတယ်။ လူငယ်တွေအလုပ်သွားရင် အလုပ်ပြန်တဲ့ အချိန်ထိ စောင့်ပြီးဖမ်းတာ။ ဖမ်းဆီးခံရသူ ၁၁ ဦးထဲမှာ ၇ ဦးကိုတော့ တစ်ယောက်ကို သိန်း၅၀ ကနေ သိန်း ၈၀ အထိ ပြန်ရွေးရတယ်။ ငွေတောင်ကျေးရွာက လူငယ် ၃ ဦးကိုတော့ စစ်မှုထမ်းဖို့အတွက် ပို့လိုက်တယ် “ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၇ ရက်နေ့ကလည်း စလင်းမြို့နယ်၊ ငွေသောင်ကျေးရွာကို ပျူစောထီးအဖွဲ့ အင်အား ၁၀ ဦးက လက်နက်များဖြင့် ဝင်ရောက်စီးနင်းပြီး လူငယ် ၇ ဦးကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။
အောက်တိုဘာလဆန်းပိုင်းမှစတင်၍ လက်ရှိအချိန်အထိ စလင်းမြို့နယ်တွင် လူငယ် ဆယ်ချီ၍ စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံရနေပြီး ယခုလ ၁၅ ရက်နေ့စတင်ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၈ အတွက် ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်း စလင်းမြို့မှ ဒေသပြည်သူများထံမှ သိရှိရသည်။
