ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် စစ်မှုထမ်းကြေး မပေးနိုင်၍ အမျိုးသမီး ၁ ဦးကို အုပ်ချုပ်ရေးမှူးသောင်းရွှေက ရပ်ကွက်ထဲမှ မောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၉ ရက်နေ့တွင် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် နေထိုင်သော ကျောင်းသား ကလေးငယ် ၃ ဦး၏ မိခင်ဖြစ်သူ မုဆိုးမ ၁ ဦးသည် စီးပွားရေး အဆင်မပြေ၍ စစ်မှုထမ်းကြေး လစဉ် ငွေကျပ် ၃၀၀၀၀ မပေးနိုင်သောကြောင့် အုပ်ချုပ်ရေးမှူးသောင်းရွှေက ရပ်ကွက်ထဲတွင် ဆက်လက် မနေထိုင်ရန် မောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် နေ့စဥ် မိုးလင်းချိန်မှ စတင်ပြီး မိုးချုပ် ည ၁၀ နာရီခန့် အထိ အလုပ်လုပ်ကိုင် စားသောက်နေရသူ ဖြစ်ပြီး လက်ရှိ နေထိုင်သော နေအိမ်သည်လည်း ငှားရမ်းနေထိုင်ရသော အိမ်ဖြစ်ကြောင်း သိရှိရသည်။
“အောက်တိုဘာလ ၉ ရက်နေ့ ည ၇ နာရီလောက်မှာ အဲ့ အမျိုးသမီးနဲ့ တခြား အမျိုးသမီး တစ်ဦးကို ရပ်ကွက်ရုံး ခေါ်ပြီး တောင်းတာ ကလေး ၃ ယောက်နဲ့ ပြီးတော့ ကျောင်းသားတွေ ဖြစ်လို့ ထည့်ဖို့ အဆင်မပြေဘူး ပြောတာကို မပေးနိုင်ရင် မနေနဲ့လို့ ပြောတယ်။ လုံးဝ မထည့်ဘူးလို့ ပြောတာ မဟုတ်ဘူး။ ၃ လ တစ်ကြိမ်လောက် ထည့်မယ်လို့ ပြောတာကို မရဘူး။ ရပ်ကွက်ထဲမှာ ဆက်မနေနဲ့ဆိုပြီး မောင်းထုတ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူးမှာသောင်းရွှေသည် လက်နက်ပွဲစား အဖြစ် နာမည်ကျော်သူ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းရွှေနှင့် ပူးပေါင်း၍ စစ်မှုထမ်း အကြောင်းပြကာ ပြည်သူများထံမှ ငွေ ညှစ်နေသူ တစ်ဦးဖြစ်ကြောင်း၊ ထို့ပြင် သန်းရွှေသည် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း လက်နက် အရောင်းအဝယ် လုပ်မှုကို စစ်ဆေးရာ အနည်းဆုံး သေနတ် ၅ လက် ရောင်းချခဲ့သည့် အမှုမှန် ပေါ်ပေါက်ခဲ့သော်လည်း ၎င်းကို အထက်အမိန့်အရ ဆိုပြီး ပြန်လွှတ်ပေးခံရသူဖြစ်ကြောင်း သိရသည်။
“သန်းရွှေက ရွှေတောင် အုပ်ကြီး သောင်းရွှေနဲ့ ပူးပေါင်းပြီး စစ်မှုထမ်း အကြောင်းပြ ငွေညှစ်လို့ လိုင်းပေါ်ရောက်ပြီး ပိုက်ဆံ သိန်း ၁၀၀ ပြန်ပေးလိုက်ရသေးတယ်။ စစ်မှုထမ်းကြေးကို လစဥ် အိမ်တိုင်း ကောက်နေပေမဲ့ စာရင်း ရှင်းတာ ဘာညာ မလုပ်ဘူး။ ကားတွေ ဆိုင်ကယ်တွေ ဆိုရင်လည်း တခြားမြို့တွေနဲ့ မတူဘူး။ နေ့စဥ်လိုကို ဖမ်းနေတာ အမျိုးမျိုးကို ဒုက္ခပေးနေတာ မူးယစ်ဆေး ပစ်ပြီး ဖမ်းတယ်။ စစ်မှုထမ်းကိစ္စနဲ့ ဖမ်းတယ်။ ဖမ်းတယ်ဆိုတာကလည်း ဥပဒေအရ မဟုတ်ဘူး။ ငွေညှစ်တာမျိုး တောင်ကြီးမြို့ဆိုတာ အမှန်ပြောရရင် နိုင်ငံရေး ကိစ္စလည်း မရှိဘူး။ စစ်လည်း ဖြစ်မနေဘူး။ အဲဒါကြောင့်မို့ ထင်တယ်၊ သူတို့ ကြမ်းရမ်းနေကြတာ” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။
ထို့ပြင် ဦးသန်းရွှေသည် ရပ်ကွက်အဆင့် အုပ်ချုပ်ရေးမှူး တစ်ဦးသာ ဖြစ်သော်လည်း မြို့နယ် အဆင့်သာမက ခရိုင် အဆင့်ထက်ပင် လုပ်ပိုင်ခွင့် ရှိနေသူတစ်ဦး ဖြစ်ပြီး သေနတ် ခါးချိတ်ခွင့်ရသူ တစ်ဦး ဖြစ်ကြောင်း၊ အိုလမာ အဖွဲ့မှ စိုးငယ် အပါအဝင် လူရမ်းကားများကို လက်နက်များ ထုတ်ပေးပြီး မသမာသော နည်းလမ်းဖြင့် ပြည်သူများကို ခြိမ်းခြောက် ငွေတောင်းခံမှုများကို အုပ်စုဖွဲ့ လုပ်ကိုင်နေကြောင်း သိရသည်။
တောင်ကြီးမြို့ပေါ်၌ ရပ်ကွက် ၂၂ ရပ်ကွက် ရှိပြီး သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ စစ်မှုထမ်းကြေး အဖြစ် အနည်းဆုံး ၂၀၀၀၀ ကျပ်မှ စတင်၍ အများဆုံး ၈၀၀၀၀ ကျပ်ထိ လစဥ်ကောက်ခံနေလျက်ရှိကြောင်း၊ တောင်ကြီးမြို့သည် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့၊ ရွှေတောင်အုပ်ချုပ်ရေးမှူး သောင်းရွှေတို့ ဦးဆောင်သော ပျူစောထီးအဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး မြို့နေ ဒေသခံ တိုင်းရင်းသားများအား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ပျူစောထီး ဦးသန်းရွှေ
