ရန်ကုန်၊ အောက်တိုဘာ ၁၁
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် အတွင်းရှိ မိုးကုတ်-မန္တလေး လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ၍ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က မိုးကုတ်-မန္တလေးလမ်းပိုင်းကို Y-12 ၊ ဂျက်ဖိုက်တာ တို့ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။
ထို့ပြင် မိုးကုတ်-မန္တလေး လမ်းပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေပြီး နေ့စဉ် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မိုးကုတ်လမ်းဆုံကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် အပြင်းအထန် ထိုးစစ်ဆင် နေခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ အကြိမ်ကြိမ် ပြန်လည် ဆုတ်ခွာနေရသော်လည်း အင်အားများ ထပ်မံ ဖြည့်တင်းကာ ဆက်တိုက် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့လည်း နံနက်ပိုင်းတည်းက စတင်ပြီး ညနေပိုင်း အထိကို ဂျက်ဖိုက်တာ၊ Y-12 နဲ့ကို ဆက်တိုက် ဗုံးကျဲနေတာ မိုးကုတ်-မန္တလေး လမ်းပိုင်းက ပြည်သူတွေ အကုန်လုံးက တိမ်းရှောင်နေရတယ်။ စစ်ခွေးတွေ ကျဲချနေတဲ့ နေရာတွေက ပြည်သူတွေမရှိတော့ ထိခိုက်မိတာတော့မရှိဘူး။ မြေပြင် တိုက်ပွဲမှာ စစ်ခွေးတွေဘက်က အထိနာနေလို့ ဆက်တိုက်ကိုကျဲချ နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း စစ်ရေးအခြေအနေအရ မိုးကုတ်-မန္တလေး လမ်းပိုင်းကို အသုံးပြုခွင့် ခေတ္တ ပိတ်ပင်ကြောင်း ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူများအနေဖြင့် ခရီးသွားလာစရာများရှိပါက ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သွားလာခွင့်ပြုသည့်အချိန်အထိ စောင့်ဆိုင်းပေးကြရန် မေတ္တာရပ်ခံထားသည်။
