မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထီးလင်းမြို့နယ်နှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများက အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီ ၅၄ မိနစ်ခန့်မှ စတင်ပြီး ထီးလင်းမြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ရှိ ပုံတောင်တောင်ကြောကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၅၀ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ မြိုင်မြို့နယ်၊ အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်မှ စတင်ပြီး မြိုင်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးက ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသော်လည်း ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ထဲက ရွာတွေကိုက စစ်ခွေးတွေက လေယာဉ်၊ စက်တပ်လေထီးတွေနဲ့ကို နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေတာ ပြည်သူတွေလည်း ဘေးလွတ်ရာကို ရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၈ ရက်နေ့နှင့် အောက်တိုဘာလ ၇ ရက်နေ့ကလည်း မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီး၊ Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
