ရန်ကုန်၊ အောက်တိုဘာ ၁၃
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပဲနံ့သာရွာကို ဝင်ရောက်စီးနင်းပြီး လူငယ်များကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ကာ ၂ ဦး ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း Voice Of Wundwin မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားများသည် ပဲနံ့သာရွာကို ဝင်ရောက်စီးနင်းစဉ် ရွာထဲမှ ထွက်ပြေးသည့် လူငယ်များကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုအတွင်း လူငယ်များ ထွက်ပြေးလွတ်မြောက်သွား၍ ဖမ်းဆီးခံရသူမရှိကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက် စစ်သားများသည် ပင်းတလဲရွာကို ပြန်လည် ဆုတ်ခွာလာစဉ် ရွှေတောင်လမ်းပိုင်းရှိ ကျေးရွာများကိုပါ ဝင်ရောက်စီးနင်းခဲ့သောကြောင့် ပုလုကုန်းရွာမှ ပြည်သူ ၁ ဦးနှင့် ကံကြီးရွာမှ ပြည်သူ ၁ ဦးကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“စစ်ခွေးတွေ လိုက်ပစ်တာတော့ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူး။ ပြည်သူတွေ ထွက်ပြေးလွတ်မြောက်သွားတယ်။ စစ်ခွေးတွေက ရွာထဲမှာ ကျိမ်းမောင်းသွားသေးတယ်။ နောက်တစ်ခါ ထွက်ပြေးရင်လည်း လိုက်ပစ်မယ်လို့ ပြောသွားတယ်။ ပဲနံ့သာရွာက လူငယ်တွေတော့ ဖမ်းဆီးခံရတာမရှိဘူး။ ပုလုကုန်းရွာနဲ့ ကံကြီးရွာက ပြည်သူ ၂ ဦးကတော့ ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်” ဟု Voice Of Wundwin မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ဖလံပင်ရွာကို ဝင်ရောက်စီးနင်းပြီး လူငယ် ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က နတ်တလင်းမြို့နယ်၊ ဖလံပင်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာနေပြည်သူ ကိုအောင်မျိုးကျော်၊ ကိုဝိုင်းမင်းထွန်းနှင့် ကိုသက်ဝေအောင်တို့ ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည့် ကိုသက်ဝေအောင်ကို ကျောင်းသားဖြစ်နေသောကြောင့် ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ဓာတ်ပုံ – ကချင်ပြည်နယ်တွင် စစ်တပ်က လူငယ်များကို ဖမ်းဆီးထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)




