ရန်ကုန်၊ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ့်ဆန်မြို့ ၊ အုန်းမစွမ်ကျေးရွာကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေး သေဆုံးပြီး ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရရှိကြောင်း TNLA ဘက်က သတင်းထုတ်ပြန်ထားသည်။
ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နမ့်ဆန်မြို့နယ် အုန်းမစွမ်ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ရော့ကတ်ဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး အသက် ၈ နှစ်၊ အသက် ၁၀ နှစ်နှင့် အသက် ၁၄ နှစ် ကလေး ၃ ဦး အပါအဝင် လူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၁၀ လုံးထိခိုက်ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်များ လည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်တွင် နမ့်ဆန်မြို့နယ်၊ ကယားကြီးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၁၉ နှစ်အရွယ် မောင်အစော ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ၂ ဆောင်နှင့် နေအိမ် ၆ လုံး ထိမှန်ပျက်စီးခဲ့သည်။
အလားတူ အောက်တိုဘာလ ၄ ရက်နေ့တွင်လည်း နမ့်ဆန်မြိုနယ်၊ ဇယ်တုန်ဟုန်းကျေးရွာရှိ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၆ ဦးအပါအဝင် ပြည်သူလူထု ၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၆ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။


