မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်း ပျူစောထီးကျေးရွာမှ စားနပ်ရိက္ခာ ထွက်ရှာသည့် ပျူစောထီး မိသားစုဝင် ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ပေါက်တောင်ပိုင်းနဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပေါက်မြို့နယ်၊ တပ်ကုန်း ပျူစောထီးကျေးရွာမှ ပျူစောထီး မိသားစုဝင် ဖြစ်သူ ဦးပွေးဆိုသူကို တပ်ကုန်းကျေးရွာအနီးတွင် နဂါးပြောက်ကျားတပ်ဖွဲ့က နယ်မြေလုံခြုံရေးနှင့် ကင်းပတ်လှည့်နေစဉ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဖမ်းဆီးရမိသော ပျူစောထီး မိသားစုဝင် ဦးပွေးကို တော်လှန်ရေး တပ်ဖွဲ့များက စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေပြီး ပြစ်မှုကျူးလွန်မှုများရှိပါက ပေါက်မြိုနယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေး အဖွဲ့သို့ ပို့ဆောင်၍ အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူတို့ ပျူစောထီးရွာတွေထဲမှာ စားစရာ သောက်စရာ မရှိတော့လို့ မှိုရှာ မျှစ်ချိုးရင် တစ်ယောက်တည်း ထွက်လာရင်းနဲ့ မိခဲ့တာပါ။ လက်နက်တော့ မပါဘူး။ လက်ရှိမှာ ဖမ်းမိထားတဲ့သူကို ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာကတော့ စစ်ဆေးမေးမြန်းပြီးရင် သက်ဆိုင်ရာ ပအဖနဲ့ ပလဖထံ လွှဲပြောင်းပေးမှာပါ”ဟု ပေါက်တောင်ပိုင်းနဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ)မှ တာဝန်ရှိသူကပြောဆိုသည်။
လက်ရှိချိန်တွင် တပ်ကုန်း ပျူစောထီးကျေးရွာရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး အဖွဲ့ဝင်များမှာ စားနပ်ရိက္ခာများ ပြတ်လပ်နေခြင်းကြောင့် ကျေးရွာအတွင်းမှ ပျူစောထီးမိသားစုဝင်များကို ရွာပြင်လွှတ်၍ ရှာဖွေခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်
