မကွေးတိုင်း၊ ပွင့်ဖြူနှင့်စလင်းမြို့နယ်တို့တွင် နန်းထိုက်တော်ဝင် ခရီးသည်တင်ကားပေါ်မှ လူငယ်များကို စစ်တပ်က ဆွဲချ ပေါ်တာဆွဲ ဖမ်းဆီးမှု အပါ အဝင် လူငယ် ၈ ဦး စစ်မှုထမ်းအဖြစ် ခေါ်ဆောင်ခံရကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၁၁ ရက်နေ့ ပွင့်ဖြူမြို့နယ်တွင် ရန်ကုန် -မကွေး -စလင်း-ဆင်ဖြူကျွန်း ပြေးဆွဲနေသော နန်းထိုက်တော်ဝင် ခရီးသည်ယာဉ်ကို ကပြည့်လမ်းခွဲအရောက် စစ်တပ်က တားဆီးစစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် ကားပေါ်မှ လူငယ် ၇ ဦးကို ခရီးသည်တင်ကားပေါ်မှ ဆွဲချပြီး ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန် စလင်းမြို့နယ်၊ ဆိတ်ကြီးကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“ပွင့်ဖြူမှာက စစ်ခွေးတွေက ဂိတ်မချဘဲနဲ့ ဖြတ်သွားတဲ့ ခရီးသည်တင်ကားတွေကို တားဆီးပြီး ပေါ်တာဆွဲတာပါ။ နန်းထိုက်တောင်ဝင်ကားပေါ်က ၂ ယောက်ကို ပေါ်တာဆွဲတယ်။ နောက်ထပ် အဲဒီနောက်မှာလည်း ခရီးသည်တင် ကားတွေကို ဖမ်းဆီးစစ်နေတာ။ ရန်ကုန်ကနေ စလင်းအပြန်မှာ ဆွဲတာပါ။ ပွင့်ဖြူမြို့နယ်ထဲက ကပြည့်လမ်းခွဲမှာ ဆွဲတာပါ။ အဆွဲခံရတဲ့ ၂ယောက် အသက်အရွယ်က ၃၀ ဝန်းကျင်ရှိမယ်။ အောက်တိုဘာလ ၁၂ရက်နေ့ကလည်း ဆိတ်ကြီးရွာကျေးရွာက ဝင်ရောက်စီးနင်းပြီး ပြည်သူ၁ ဦးကို စစ်ခွေးတွေ ပေါ်တာဆွဲသွားတယ်။ အသက်အရွယ်ကတော့ ၂၂နှစ် အရွယ်ရှိတယ် “ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ေ
အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် စစ်မှုထမ်း အပတ်စဉ် ၁၈ အတွက် ပြည်သူများကို ဆက်တိုက်ပေါ်တာဆွဲ ဖမ်းဆီးမှုတွင် စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့တို့တွင် အောက်တိုဘာလအတွင်း လူငယ် ၂၆ ဦးဖမ်းဆီးခံရပြီး လူငယ် ၁၀ ဦးမှာ စစ်တပ်ထံသို့ ငွေကြေးပေး၍ ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။
ထို့အတူ စစ်တပ်က စလင်းမြို့ပေါ်နှင့် ပွင့်ဖြူမြို့ပေါ်တို့တွင် အိမ်စီးကားများဖြင့် နေ့ရော ညပါ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း၊ မကွေးတိုင်းအတွင်း ပေါ်တာဆွဲ ဖမ်းဆီးမှုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးများက အဓိက ဦးစီးဖမ်းဆီးနေခြင်းဖြစ်ပြီး ငွေဖြင့် ရွေးမယူနိုင်သော လူငယ်များမှာ စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ခံထားရကြောင်း ဒေသပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- စစ်တပ်က ကားများကို ရပ်တန့်စစ်ဆေးပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်လျက်ရှိသည်။
