29 C
Yangon

ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်၊ Gyrocopter တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်၊ Gyrocopter တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများနှင့် နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို အကြမ်းဖက် စစ်တပ်၏ နမခ မှ တက်လာသော Gyrocopter ၃ စီးက ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်နှင့် ၃ နာရီကျော်ခန့်တွင်လည်း ရွာသာကြီးကျေးရွာကို နမခ မှ တက်လာသေ Gyrocopter ၃ စီးက ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီကျော်ခန့်တွင်လည်း ရွာသာကြီးကျေးရွာနှင့် ဆုတောင်းပြည့်ဘုရားဝင်း အတွင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာက ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှုများ အတွင်း ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာနေ ပြည်သူများသည်လည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၂၅ ခန့်တွင်လည်း ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာကို Gyrocopter ၃ စီး ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင်လည်း ဂျက်ဖိုက်တာ ၁ စီးက ရွာသာကြီးရွာကို ထပ်မံဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရသည်။

“စစ်ခွေးတွေ ဒီနေ့ လေကြောင်းနဲ့ ဗုံးကျဲသွားတာကတော့ အထိအခိုက် မသိရသေးဘူး။ မနေ့က စစ်ခွေးတွေ ဗုံးကျဲသွားတာတော့ ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရတယ်လို့ သိရတယ်” ဟု နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် လက်ရှိချိန်တွင် ရွာသာကြီးကျေးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာကို ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

စက်တင်ဘာလပိုင်းကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ့်ရွာ ၊ အင်ဒေါင်းရွာ ၊ ရုံပင်ကုန်းရွာ၊ မင်းကုန်းရွာ၊ နဘဲပင်လှရွာ နှင့် တပ်သာရွာတို့ကို Y-12 ဖြင့် အကြမ်းဖက် စစ်တပ်က ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦး ရှိခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article