တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးဒေသကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ တချို့ ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားသည်။
ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ KNU ထိန်းချုပ်ထားသော ထားဝယ်မြို့နယ်၊ ထီးခီးဒေသကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူတချို့ ထိခိုက်မှုရှိပြီး အဆောက်အအုံ ၁ လုံး လည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်ကလည်း ထီးခီးဒေသကို အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ လေယာဉ် ၁ စီးက ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အော်လီဂန်းစက်လက်နက်ဖြင့်လည်း ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူပိုင် ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်က ထီးခီးဒေသကို ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ အာဏာ ဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့ အုပ်ချုပ်ရာ နယ်မြေများတွင် အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ရန် အထူးကြိုးပန်းလျှက်ရှိပြီး ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသော နယ်မြေများရှိ ပြည်သူများကို အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း KNU က ပြောဆိုထားသည်။

