ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ်ရှိ ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်များ ၂ ရက်ဆက် မီးလောင်နေပြီး ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ထိ နေအိမ်များ မီးလောင်နေကာ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးထားပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိ အချိန်ထိ ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးနဲ့ PNO အဖွဲ့တွေက တွေ့သမျှ အိမ်တွေကို အကုန်လိုက်ရှို့လို့ နေအိမ်တွေ မီးကူးပြီး လောင်ကုန်တာ ကျနော်တို့ နံနက်ပိုင်းက အဝေးက လှမ်းမြင်နေရတာတော့ မီးမငြိမ်းသေးဘူး။ ပြည်သူတွေလည်း တိမ်းရှောင်နေရတုန်းပဲလေ ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်အရေအတွကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့သည် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ်၊ မြောက်စလုံးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။


