တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အမတ ၃၀၂ တပ်ရင်းမှ လက်နက်ခဲယမ်း ပို့ဆောင်ရန် ထွက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်းရှိ အမတ ၃ဝ၂ တပ်ရင်းမှ လက်နက်ခဲယမ်းပို့ဆောင်ရန် ထွက်လာသော အင်အား ၁၀၀ ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“မောင်မယ်ရှောင်ကျေးရွာအတွင်းမှာရှိတဲ့ အမတ ၃ဝ၂ တပ်ရင်းက လက်နက်ခဲယမ်းပို့ဆောင်ဖို့ ထွက်လာတဲ့ အင်အား ၁၀၀ ပါ စစ်ခွေးစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၅ ကောင်သေဆုံးတယ်လို့ သိရတယ်” ဟု ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ရေးများ အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် တိုက်တွန်းထားကြောင်း၊ တနင်္သာရီတိုင်းအတွင်း အကြမ်းဖက် စစ်တပ်မှ အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက်မှုများရှိနိုင်သောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံ ကြပါရန်နှင့် တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဒူရကစစ်ကြောင်းက တိုက်တွန်းထားသည်။
