စစ်တပ်က ကလေးငယ်များ ပညာသင်ကြားရာ နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲပြီး စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ဟု CDF-Hakha ပြောဆို
ရန်ကုန်၊ အောက်တိုဘာ ၁၄
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် အသက် ၈ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရကာ ၂ ဦးစိုးရိမ်ရကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၈ နှစ်အရွယ် ကျောင်းသား ၁ ဦး နှင့် အသက် ၁၂ နှစ်အရွယ် ကျောင်းသူ ၁ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ ထိုသို့ လေကြောင်း တိုက်ခိုက်မှုကို CDF-Hakha က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပြီး မိသားစုဝင်များနှင့် ရွာသူရွာသားများနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့သော ဗန်ဟားကျေးရွာသည် CDF-Hakha ၏ တပ်စခန်းမဟုတ်ကြောင်း၊ အရပ်သား ပြည်သူ ကလေးများ ပညာသင်ကြားရာနေရာဖြစ်သည့် ကျောင်းကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထား သတ်မှတ်တိုက်ခိုက်ခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ နိယာမများ၊ လက်နက်ကိုင်ပဋိပက္ခ ဥပဒေများကို ဆိုးရွားစွာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း CDF-Hakha က ပြောဆိုထားသည်။
အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့၏ ရွေးကောက်ပွဲအကြိုကာလများတွင် အရပ်သား နေရာများကို ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ချင်းပြည်အနှံ့ ဆက်တိုက်လုပ်ဆောင်နေခြင်းသည် တရားမဝင်ရွေးကောက်ပွဲဖြစ်ခြင်းကို ပေါ်လွန်ပြသခြင်းဖြစ်ကြောင်း၊ မည်သူမျှ ရွေးကောက်ပွဲတွင် လုံးဝ မပါဝင်ကြရန်နှင့် ပါဝင်သူများကို ထိရောက်စွာ အရေးယူမည်ဟု CDF-Hakha ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက် စစ်တပ်သည် အရပ်သားများ၊ ပြည်သူ့အဆောက်အအုံများနှင့် ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများ ကာကွယ်စောင့်ရှောက်မည့်အစား တိုက်ခိုက်ခြင်းကို ချက်ချင်းရပ်တန့်ရန် လိုအပ်ပြီး ဤကဲ့သို့ တိုက်ခိုက်မှုကို စီစဉ်သူ၊ ခွင့်ပြုသူနှင့် အကောင်အထည် ဖော်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများမှ ဖိအားပေးရန် တိုက်တွန်းကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူ့အာဏာကို ပြည်သူလူထုလက်သို့ ပြန်လည်အပ်နှင်းပြီး စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖျက်သိမ်းသည်အထိ ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF-Hakha က ပြောဆိုထားသည်။
