25 C
Yangon

ဝက်လက်မြို့နယ်အတွင်း စစ်တပ်က မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ညအချိန် ထွက်ပြေးနေရပြီး လေကြောင်းဖြင့်လည်း ဆက်တိုက် ဗုံးကျဲနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ညအချိန် ထွက်ပြေးနေရပြီး လေကြောင်းဖြင့်လည်း ဆက်တိုက် ဗုံးကျဲနေကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်မှ စတင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားရွာရှိ အကြမ်းဖက် စစ်တပ်သည် အင်းဒေါင်းရွာ တောင်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပြည်သူများသည် ဘေးလွတ်ရာကို ယခု ညပိုင်းအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် အင်းဒေါင်းရွာ၊ ငါးတိုက်တောင်ရွာ၊ မင်းရွာတောင်ရွာ၊ မင်းကုန်းလေးရွာနှင့် ဖိုးဝင်းတပ်ရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ရှိမ်းမကားကနေ ဒီနေ့ ညနေပိုင်းမှာ စစ်ခွေးစစ်ကြောင်းထွက်လာလို့ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာပေါင်း ၅ ရွာကျော်လောက်ရှိပါတယ်။ အခုညပိုင်းအထိ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတုန်းပါပဲ။ စစ်ခွေးစစ်ကြောင်းက အခုထိ အင်းဒေါင်းရွာနားမှာပဲရှိသေးတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ် အတွင်းရှိ သမန်သာရွာ စာသင်ကျောင်း အပါအဝင် ရွာသာကြီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ Gyrocopter ၊ စက်တပ်လေထီးများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ် အတွင်း မြေပြင်မှ စစ်ကြောင်းထိုးပြီး လေကြောင်းဖြင့်လည်း ဆက်တိုက် ဗုံးကျဲနေ၍ ပြည်သူများ သတိပြု၍ သွားလာနေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေး ပြောဆိုထားသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ပြည်သူများ ညအချိန် ထွက်ပြေးတိမ်းရှောင်နေရစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article