မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာကြီးရွာ-ညောင်ပင် ရွာလမ်းပိုင်း၌ ကျေးရွာများကို မီးရှို့နေသည့် သီတာယုမွန် ပျူစောထီး အဖွဲ့ကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ရွာကြီးရွာ-ညောင်ပင် ရွာလမ်းပိုင်း၌ ပြည်သူပိုင် နေအိမ်များကို မီးရှို့ပြီး စစ်ကြောင်းထိုးနေသည့် သီတာယုမွန် ပျူစောထီး အဖွဲ့ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း သီတာယုမွန် ပျူစောထီး အဖွဲ့ စစ်ကြောင်းမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
” မြင်းခြံ ရွာကြီးရွာ-ညောင်ပင် ရွာလမ်းပိုင်းမှာ ကျေးရွာတွေကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်တွေကို မီးလိုက်ရှို့နေတဲ့ သီတာယုမွန် ပျူစောထီး အဖွဲ့ စစ်ကြောင်းကို ကျနော်တို့ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ အဲ တိုက်ပွဲမှာ စစ်ခွေးနဲ့ ပျူစောထီး ၁၅ ဦးထက်မနည်း သေဆုံးတယ်” ဟု ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က ဦးဆောင်ပြီး MGN Danger Dynamite နှင့် မြင်းခြံ ပကဖ တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
