ရန်ကုန်၊ အောက်တိုဘာ ၁၆
ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်) အသစ် ပြုလုပ်ပေးမည့် အစီအစဉ်ကို နယ်စပ်ပြဿနာကြောင့် ရွှေ့ပြောင်းလိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်၍ ပန်းရောက်ကတ် (ခေါ်) အလုပ်သမားလက်မှတ် ဘတ် အသစ်ကို Name List တင်သွင်းနိုင်မည်ဟု ထိုင်းအစိုးရက ကြေညာခဲ့မှုကို ယနေ့တွင် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ပြီး မည်သည့်နေ့တွင် ပြန်ဖွင့်မည်ကိုမူ ကြေညာချက်တွင် ပါဝင်ခြင်း မရှိပေ။
ထိုကဲ့သို့ ပန်းရောင်ကတ်အသစ် ပြုလုပ်နိုင်မည့် အစီအစဉ်ကို ရပ်ဆိုင်းသည့် ဖြစ်ရပ်မှာ ထူးခြား ဖြစ်စဉ်ဖြစ်ပြီး ယခင်က ထိုကဲ့သို့ ကြေညာခြင်းမျိုး မကြုံဖူးကြောင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးလုပ်ဆောင်သူများက ပြောဆိုသည်။
“ အတော်ရှားတဲ့ ဖြစ်စဉ်ပါ။ အခုဟာက ထူးဆန်းနေတယ်။ ဖွင့်မယ့် ရက် သတ်မှတ်ပြီးမှ ပြန်ပိတ်သွားတာ။ နယ်စပ်ပြဿနာကြောင့်လို့ ကြေညာချက်ထဲ ပါတယ်။ ပြီးတော့ ခုက ထိုင်းကို လူငယ်တွေက ရတဲ့ နည်းလမ်းနဲ့ ဝင်ကြတယ်။ အဖမ်းအဆီးလည်း များနေတယ်။ ခု နယ်စပ်ပြဿနာကြောင့်ဆိုတာရယ် ဖမ်းဆီးမှုများတာရယ် ရှားပါးဖြစ်စဉ်ဖြစ်တဲ့ ဖွင့်မယ့် ရက် သတ်မှတ်ပြီးမှ ပိတ်သွားတာရယ်ကြောင့် အကြမ်းဖက်စစ်တပ် မင်းအောင်လှိုင် ထိုင်းအစိုးရကို ဖိအားပေးသလားလို့ ထင်မြင်မိတယ် ။ သူတို့ စစ်မှုထမ်းရှားလာလို့ ထိုင်းအစိုးရကို ဖိအားပေးသလားပေါ့” ဟု ထိုင်းရောက် မြန်မာအလုပ် သမား အရေးဆောင်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းက ပြောကြားသည်။
ထိုသို့ ပန်းရောက်ကတ် အသစ်များ ပြုလုပ်ပေးမှုရပ်ဆိုင်းလိုက်သည့်အတွက် အဓိက ထိခိုက်နစ်နာသူများမှာ ပွဲစားများဆီ ငွေကြေး ပေးထားသူများပင် ဖြစ်ကြောင်း ၊ ရက် အကန့်အသတ်မရှိ ရပ်ဆိုင်းမှုအတွက် အမှန်အကန်ပွဲစားမဟုတ်သူများထံတွင် အပ်နှံမိပါက ပြန်ရရန် မလွယ်ကြောင်းလည်း ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးလုပ်ဆောင်သူများက ပြောဆိုသည်။
“ဒီလိုမျိုး ဖွင့်ပြီးမှ ရပ်တာ အလုပ်သမားတွေ နစ်နာတယ်။ ကိုရဲမင်းတို့ သိသလောက် ထိုင်းအစိုးရ သမိုင်းမှာလည်း မရှိဘူး။ အခုအလုပ်သမားတွေက ပေးထားတဲ့ ပိုက်ဆံတွေ ဘတ်သန်းချီနစ်နာတယ်။ အတော်ထူးဆန်းတဲ့ ဖြစ်စဉ်ပါ။ ထိုင်းဘက်က ခိုးဝင်တွေ များလို့လား၊ မင်းအောင်လှိုင်ဘက်က ဖိအားပေးလို့လား။ ပြီးတော့ ခု လူဟောင်းတွေပါ ကျန့်အော်တို့ ကျန့်ခေါက်တို့ပါ လုပ်ဖို့ မရဘူး ။ အကုန်ရပ်နေတာ” ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
