28 C
Yangon

ဝက်လက်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရှိမ်းမကားရွာသစ်မှ စစ်ဘေးရှောင် ပြည်သူ ၅၀ ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထား၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ရှိမ်းမကားရွာသစ်မှ စစ်ဘေးရှောင် ပြည်သူ ၅၀ ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှိမ်းမကားရွာသစ်မှ စစ်ဘေးရှောင် ပြည်သူ ၅၀ ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ စစ်အသုံးအဆောင် ပစ္စည်းများ သယ်ဆောင်ခိုင်းပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တပ် စစ်ကြောင်းတွင် အင်အား ၁၀၀ ခန့်ပါဝင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ အင်ဒေါင်းရွာ အနောက်တောင်ဘက် ဆင်မာထန်းတော (မဒိန်း‌ညောင်ပင်) အနီးတွင် ရောက်ရှိနေကြောင်း သိရှိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် အင်းဒေါင်းရွာ၊ ငါးတိုက်တောင်ရွာ၊ မင်းရွာတောင်ရွာ၊ မင်းကုန်းလေးရွာနှင့် ဖိုးဝင်းတပ်ရွာမှ ပြည်သူများ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

“အဲစစ်ခွေး စစ်ကြောင်းက ရှိမ်းမကားရွာသစ်ကနေ ပြည်သူ ၅၀ လောက်ကို လူသားဒိုင်းအဖြစ် ဖမ်းလာပြီး စစ်အသုံးအဆောင်တွေ သယ်ခိုင်းတယ်လို့သိရတယ်။ ခွေးစစ်ကြောင်းက အခုထိ ရှိနေတုန်းပဲ ရွာပေါင်း ၅ ရွာကျော်လောက်က ထောင်နဲ့ချီတဲ့ ပြည်သူတွေထည်း မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရလို့ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ် အတွင်းရှိ သမန်သာရွာ စာသင်ကျောင်း အပါအဝင် ရွာသာကြီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ Gyrocopter ၊ စက်တပ်လေထီးများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ် အတွင်း မြေပြင်မှ စစ်ကြောင်းထိုးပြီး လေကြောင်းဖြင့်လည်း ဆက်တိုက် ဗုံးကျဲနေ၍ ပြည်သူများ သတိပြု၍ သွားလာနေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေး ပြောဆိုထားသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ပြည်သူများ ညအချိန် ထွက်ပြေးတိမ်းရှောင်နေရစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article