ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၂ ဦး ဖမ်းဆီးရရှိပြီး အသက်မပြည့်သေးသော လူငယ်များ ပါဝင်ကြောင်း ကန်ချနဘူရီသတင်းအရ သိရှိရသည်။
ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ အချိန် ကန်ချနဘူရီခရိုင် အုပ်ချုပ်ရေးမှူး အပါအဝင် ထိုင်းစစ်တပ်၊ ရဲနှင့် အာဏာပိုင်များက တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများတွင် တရားဝင် စာရွက်စာတမ်း အထောက်အထားများ ပါရှိခြင်းမရှိကြောင်း၊ ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသား ၁၆၂ ဦးတွင် အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၅၇ ဦးနှင့် အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား လူငယ်အမျိုးသား ၈ ဦးနှင့် အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား အမျိုးသမီးလူငယ် ၃ ဦးတို့ပါဝင်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၆၂ ဦးမှာ ကျေးရွာများနှင့် တောအတွင်း ပုန်းအောင်းနေကြစဉ် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် အားလုံးမှာ မောပန်းနွမ်းနယ်နေကြောင်း ၊ စကားပြန်မှတဆင့် မေးမြန်းချက်အရ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် လာရောက်ကြခြင်းဖြစ်ပြီး ဘုရားသုံးဆူမှတစ်ဆင့် ရေလမ်း၊ ကားလမ်း၊ တောလမ်းများအတိုင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် လာရောက်နိုင်ရန် ပွဲစားခအဖြစ် လူတစ်ဦးလျှင် ပွဲစားခ ထိုင်းဘတ် ၂၀,၀၀၀ မှ ထိုင်းဘတ်ငွေ ၂၄,၀၀၀ အထိ ပေးရပြီး လတ်တလော ၎င်းတို့အားလုံးကို ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။






