ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော တရားဝင် မြန်မာလုပ်သား ၁၈ ဦးမှာ အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံကြောင်း အဆိုပါ အလုပ်သမားများကို အကူအညီပေးနေသော MHAC မဟာမိတ်အဖွဲ့ မှ အမှုနှင့်ပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ မေလ ၂၀ရက်နေ့တွင် အလုပ်မှ ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်ပြီး မေလ၂၆ ရက်နေ့တွင် နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် တိုင်ကြားခဲ့ကြောင်း၊ လက်ရှိတွင် အမှုအတွက် ရုံးချိန်းများခေါ်၍ ညှိနှိုင်းမှုများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင်လည်း ထပ်မံ၍ အမှုအတွက် ရုံးခေါ်ယူချိန်းဆိုခဲ့ကြကြောင်း သိရှိရသည်။
“အခြေနေကတော့ ရုံးချိန်းတစ်ခုသတ်မှတ်ပေးထားတယ်။ အဲဒီနေ့ကျရင်တော့ သူတို့ရဲ့နစ်နာကြေးအတွက်သိရမယ်။ သူဌေး ညစ်နေတော့အချိန်တွေကြာနေတာ။ အလုပ်သမားတွေအတွက် ပိုနစ်နာရတာပေါ့။ ကျနော်တို့အဖွဲ့အစည်းကတော့ မြန်မာလုပ်သားတွေအတွက် ပြီးဆုံးတဲ့အထိ အတူတူဆက်လက်ရပ်တည်သွားမှာပါ”ဟု MHAC မဟာမိတ်အဖွဲ့ မှ အမှုနှင့်ပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။
အဆိုပါကိစ္စအတွက် ထိုင်းနိုင်ငံရှိ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၏ တာဝန်ရှိသူများက ယင်းလုပ်သားများ၏ နစ်နာကြေးဆိုင်ရာများဆောင်ရွက်ပေးရန် အောက်တိုဘာလအတွင်း၌ပင် ရုံးချိန်းထပ်မံ ခေါ်ယူထားပြီး MHAC မဟာမိတ်အဖွဲ့နှင့်အတူ NUG အလုပ်သမားဝန်ကြီးဌာနက ပူးပေါင်း၍ နစ်နာသူ မြန်မာလုပ်သားများအတွက် အမှုအောင်မြင်စွာ ပြီးဆုံးသည်အထိ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။






