တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပုလောမြို့နယ်၊ သင်္ကန်းတောရွာအနီးရှိ ပြည်ထောင်စု လမ်းမကြီးပေါ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ချိန်တွင် လမ်းသွားလမ်းလာ ပြည်သူများ မရှိသောကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း၊ သို့သော် ဗုံးထိမှန်ပြီး လမ်းပိုင်းမှာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ပုလောမြို့နယ်၊ သင်္ကန်းတောရွာအနီးက ပြည်ထောင်စုလမ်းမကြီးပေါ်ကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဗုံးလာကျဲသွားတာပါ။ လူအသွားအလာ ရှင်းနေချိန်မို့လို့ ပြည်သူတွေထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။ စစ်ခွေးတွေ ကျဲတဲ့ ဗုံးက လမ်းပိုင်းပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ လမ်းပိုင်းကတော့ ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ပုလောမြို့နယ်၊ တန်းရှင်းရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ပြီး စက်လက်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက်သွားကြောင်း သိရသည်။





