30 C
Yangon

ဆားလင်းကြီး၊ ဆည်တည်းရွာတွင် စစ်တပ်က တပ်စွဲပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ အနီးအနားရှိ ကျေးရွာများကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ရွာပေါင်း ၁၂ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာတွင် အကြမ်းဖက် စစ်တပ်က တပ်စွဲပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ အနီးအနားရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ရွာပေါင်း ၁၂ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်အတွင်းမှ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို ဖောက် ထွင်းခိုးယူခြင်း၊ ပြည်သူများကို ဓားစာခံဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဆည်တည်းရွာသား ၂ ဦးကိုလည်း ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် လက်ရှိချိန်ထိ ဆားလင်းကြီး မြို့နယ်အတွင်း ကင်းပုန်းအများအပြား ချထားပြီး ပြည်သူများ ရှိရာသို့ လက်နက်ကြီးများနှင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခြင်းများ လုပ်ဆောင်နေသောကြောင့် ဆည်တည်းရွာ၊ ဇီးတောရွာ၊ မကျီးတန်းရွာ၊ ရွှေလှေရွာ၊ တုံရွာမ၊ တုံတောကျောင်းရွာ၊ ထန်းပုရွာ၊ ထန်းစဉ်ရွာ၊ ဖောင်းကတာရွာ၊ ဘင်္ဂါးရွာ၊ သဲကောကြီးရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ဘေးရှောင်ပြည်သူက သောင်းချီရှိတယ်။ စစ်ခွေးတွေက အပေါ်ကလည်း ဗုံးကျဲလိုက်၊ မြေပြင်မှာလည်း မိရင် သတ်တာဆိုတော့ ပြေးကြရတာပေါ့။ စစ်ရှောင်တွေကတော့ နီးစပ်ရာတွေမှာ ရှောင်နေကြရပါတယ်။ ဆွေမျိုးသားချင်းရှိတဲ့ လူတွေကတော့ ဘေးလွတ်တဲ့ ဆွေမျိုးတွေစီမှာ သွားနေကြတယ်။ ဒုက္ခတော့ အတော်ရောက်ကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်းကလည်း အကြမ်းဖက် စစ်တပ်က စစ်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ထန်းပုဘုန်းကြီးကျောင်းအတွင်းကျရောက် ပေါက်ကွဲခဲ့ကာ ပြည်သူ ၁ ဦးသေပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထို့ပြင် ဝမ်ပေါင် ကုမ္ပဏီထဲ တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများကလည်း ကျေးရွာများ ရှိရာဘက်ကို လက်နက်ကြီးဖြင့် ၂ လုံး ပစ်ခတ်ခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။

“ထန်းပုရွာသားတွေက စစ်ရှောင်နေကြရင်းက မေ့ကျန်ခဲ့တဲ့ ပစ္စည်းလေးတွေ ဝင်ယူရင်းနဲ့ ထိခိုက်ခဲ့တာ။ ဒီနေ့တော့ အကုန်လုံး စစ်ရှောင်နေကြတယ်။ လောလောဆယ်တော့ ထန်းပုမှာ ဘယ်သူမှ အနေမခံတော့ဘူး။ မနေ့က စက်တပ်လေထီး ၂ စီးနဲ့ ချတာ။ တစ်စီးက ထန်းပုရွာဘက် တစ်စီးက ဖောင်းကတာရွာဘက်ချတာ။ ဖောင်းကတာရွာဘက်က လူထိခိုက်မရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article