တနင်္သာရီတိုင်း၊ မြိတ်ခရိုင် အခြေစိုက် ခလရ ၁၀၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးနှင့် စစ်သား ၁ ဦးတို့ သေနတ် ၁လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၂၈ ရက်နေ့နှင့် အောက်တိုဘာလ ၂ ရက်နေ့တို့တွင် မြိတ်ခရိုင် အခြေစိုက် ခလရ ၁၀၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးနှင့် စစ်သား ၁ ဦးတို့သည် သေနတ် ၁ လက်ယူဆောင်လာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံဆက်သွယ်၍ အလင်းဝင်ရောက်လာခဲ့ခြင်းကြောင်းသိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့သူ ၂ ဦးကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ ရှိပါတယ်။ ကျနော်တို့ သိန်း ၆၀ ချီးမြှင့်ဖို့ ရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
အဆိုပါ စစ်သား ၂ ဦးသည် MA-2 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ ကျည် ၂၆၀ တောင့်တို့ ယူဆောင်လာခဲ့ကြောင်း၊ လက်ရှိချိန်တွင် ၎င်းတို့ကို နွေးထွေးစွာ ကြိုဆိုလက်ခံထားကြောင်း၊ ဆက်လက်၍ ပြည်သူလူထုဘက် ရပ်တည်လိုပါက တနင်္သာရီတိုင်းစစ်ဌာန၏ တပ်ရင်းတပ်ဖွဲ့များ နီးစပ်ရာတော်လှန်ရေးတပ်များထံ အမြန်ဆုံးပူးပေါင်းကြရန်တိုက်တွန်းလိုကြောင်း၊ တနင်္သာရီတိုင်းစစ်ဌာန၏ တပ်ရင်းတပ်ဖွဲ့များထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာပါက ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင်လည်း စစ်မှုထမ်းတပ်သား တစ်ဦး အလင်းဝင်ခဲ့ကြောင်း ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ထောက်ပို့ရဲဘော် မရွှေဂျူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် နောင်ချိုမြို့နယ်အတွင်း တံတားပြင်ဆင်နေသည့် စစ်တပ် စစ်ကြောင်း၌ လိုက်ပါလာသော
နမ့်လန်မြို့အခြေစိုက် ခလရ ၂၄၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ကိုအောင်ကျော်သည် အစောင့်စစ်သားများ အလစ်တွင် ထွက်ပြေးလာပြီး ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။
“သူက နောင်ချိုမှာ တံတားတွေခင်းပြီး တံတားတွေ ပြင်နေတဲ့အချိန်မှာ အစောင့်စစ်သားတွေရဲ့ အလစ်မှာ ထွက်ပြေးလာတာပါ။ လက်ရှိကတော့ သူ့ကို ကောင်းကောင်းမွန်မွန် ထားထားပါတယ်။ သူ့ မိသားစု တွေ ဆီကို ပြန်ပို့ပေးဖို့ စီစဉ်နေတယ်။ သူ့မိသားစုနဲ့တွေ့ပြီးရင်တော့ တော်လှန်ရေးထဲကို ဆက်လက် ပါဝင်မယ်လို့ ပြောဆိုထားပါတယ်” ဟု ကျောက်မဲခရိုင်အထူးတပ်ဖွဲ့မှ ထောက်ပို့ရဲဘော် မရွှေဂျူးက ပြောဆိုသည်။
အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သား ကိုအောင်ကျော်သည် မန္တလေးမြို့၊ ကျောက်ဝိုင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရကာ မကွေးစုဆောင်းရေးတပ်သို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်း၊ ထိုနောက် မိသား စုနှင့် အဆက်အသွယ်ဖြတ်တောက်ကာ နမ့်လန်မြို့သို့ ပို့ဆောင်ဆောင်လိုက်ပြီး စစ်မှု ထမ်း အပတ် စဉ် ၁၂ သို့တက်ရောက်ခဲ့ရသူဖြစ်ကြောင်း သိရသည်။







