ရန်ကုန်၊ အောက်တိုဘာ ၂၁
အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် မြန်မာ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူများဖြစ်သည့် ကိုသက်နှင်းအောင်နှင့် မသက်ထားဆွေတို့ ဖမ်းဆီးခံထားရမှုမှ ပြန်လည်လွတ်မြောက်လာကြောင်း STUM မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး လက်ရှိ ဆွဲဆိုထားသည့် အမှုအားလုံး ရုပ်သိမ်းခံရပြီး ပြန်လည်လွတ်မြောက်သည်ဟု ကြေညာခံရကာ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“STUM မှာ ဆက်လက်ဖမ်းဆီးခံထားရတာကတော့ ဆရာမ(ဒေါ်မျိုးမျိုးအေး )က လွဲရင် ကျန်တဲ့လူတွေပါ” ဟု STUM မှ တာဝန်ရှိသူက ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က ယခုနှစ် ဇူလိုင်လ ၂၅ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနှင့် STUM အဖွဲ့ဝင်များဖြစ်သည့် သင်းထက်စံ ၊ စုမြတ်နွယ် ၊ မြင့်မြင့်ခိုင် ၊ သီဟ ၊ ဇော်ထိုက်၊ ဇော်ဆန်းနိုင်၊ ဟေမာန်ဦး၊ ကျော်သက်နိုင်နှင့် ဂျွန်တူးမောင် တို့ကို ဖမ်းဆီး၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ပြန်လည် လွတ် မြောက် လာသော်လည်း အခြားအဖွဲ့ဝင်များမှာမူ ဆက်လက်၍ မတရားဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
STUM ဦးဆောင်သူဒေါ်မျိုးမျိုးမျိုးအေးသည် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များတွင် ပါဝင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်ဧပြီ ၁၅ ရက်နေ့ စစ်တပ်က ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ပုဒ်မ ၅၀၅-က ဖြင့် ထောင်ချခဲ့ကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပြန်လည် ဖမ်းဆီးခဲ့ကာ အောက်တိုဘာလအတွင်း စစ်တပ်က ပြန်လွှတ်ပေးခဲ့ရခြင်းဖြစ်သည်။
ယခုနှစ်အတွင်း ဒုတိယအကြိမ် ပြန်လည် ဖမ်းဆီးချိန်တွင် STUM မှ ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို ခြေချုပ်နှင့်ခံဝန်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ)နှင့် အသင်း အဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မများ၊ ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) တို့ဖြင့် စစ်တပ်က အမှုဖွင့်ခဲ့သည်။
ယင်းအပြင် ပြန်လည် လွတ်မြောက်လာသော မြန်မာနိုင်ငံစက်မှု၊ လက်မှု နှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်မှာမူ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။
ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က Article 33 ဖြင့် မြန်မာအကြမ်းဖက်စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားရန် ဆုံးဖြတ်လိုက်ပြီး မြန်မာအကြမ်းဖက်စစ်အုပ်စုမှာ ဖိအားများစွာ ကြုံတွေ့နေရချိန် အလုပ်သမားအရေး ဦးဆောင်လှုပ်ရှားသူတချို့ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်ဟု အလုပ်သမားအရေးလှုပ်ရှားသူများက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






