ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် တောင်ညိုဆည် အနီးတဝိုက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှ နေ၍ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ညိုဆည် အနီးတဝိုက်ရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း တောင်ညိုဆည် သင်းဘောချည်တိုင် ဘုန်းကြီးကျောင်းကို ဗုံးများ ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မယင်းရွာ စာသင်ကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်အိုးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ အရှေ့ခြမ်း ကံသာ တောင်ဘက် ကျောက်အိုးကျေးရွာ ကို မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသော စက်တပ်လေထီးက ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။
“ဗုံးကျဲသွားတာက ကျောက်အိုးကျေးရွာပါ။ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာပြီး ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ ပြည်သူတစ်ယောက် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု နတ် မောက်မြို့နယ်ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ထို့ပြင် ယနေ့ အောက်တိုဘာလ ၂၃ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ကရင်နီပြည်နယ်၊ လွိုင်ကော် မြို့ အရှေ့ဘက်ခြမ်း တနေရာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။





