ရန်ကုန်၊ အောက်တိုဘာ ၂၃
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်အုပ်စု၏ ဟန်ပြ ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် တိုက်ဖျက်သွားမည်ဖြစ်၍ ပြည်သူများ လုံးဝ ပါဝင်ပတ်သက်ခြင်းမပြုလုပ်ရန် အသိပေးလိုကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်မိစ္ဆာမင်းအောင်လှိုင်နှင့် အကြမ်းဖက် စစ်အုပ်စုသည် လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာစွာ ကျင်းပခဲ့သည့် ၂၀၂၁ ရွေးကောက်ပွဲမဲရလာဒ်ကို ဆန့်ကျင်ကာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် ရွေးကောက်ပွဲအနိုင်ရပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အားလုံးကိုဖမ်းဆီး၍ မတရားအာဏာလုယူခဲ့ပြီး ယနေ့အချိန်အထိ နိုင်ငံတဝှမ်း၌ စစ်မီးတောက်လောင်စေခဲ့ကြောင်း သိရသည်။
ဒီမိုကရေစီလမ်းကြောင်းပေါ်မှ ဖွံ့ဖြိုးဆဲဖြစ်သည့် မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေ စီလမ်းကြောင်းမှ သွေဖယ်သွားခဲ့ပြီး အာဏာရူး မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စု၏ ထင်တိုင်းကျဲ ရက်စက် ယုတ်မာမှုများကြောင့် တနိုင်ငံလုံးရှိ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ရာထောင်ချီ ရက်ရက်စက်စက် အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်အုပ်စုမှနိုင်ငံတဝှမ်းရှိ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ ဖျက်ဆီးခြင်း ၊ ရွာလုံးကျွတ်မီးရှို့ခြင်း ၊ပြည်သူများအားပစ်မှတ်ထား၍ လေကြောင်းမှဗုံးကျဲတိုက်ခိုက်ခြင်း အရွယ်ရောက်ပြီး လူငယ်များအားအဓမ္မစစ်မှုထမ်း စေခိုင်းခြင်း စသည့်လုပ်ရပ်များအား ယနေ့အချိန်အထိရက်စက်ကြမ်းကြုပ်စွာပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။
ထိုကဲ့သို့ ရက်စက်ကြမ်းကြုပ်မှုများ နေ့စဉ်ကျူးလွန်နေသည့် အကြမ်းဖက် စစ်အုပ်စုသည် လာမည့် ဒီဇင်ဘာလအတွင်း နိုင်ငံတဝှမ်း၌ ဟန်ပြ ရွေးကောက်ပွဲပြုလုပ်၍ နိုင်ငံရေးထွက်ပေါက်ရရန် ကြိုးပမ်းလျှက်ရှိကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်အာဏာရှင်များအသက်ဆိုးရှည်စေရန် ထွက်ပေါက်ရှာ ပြုလုပ်မည့် ဟန်ပြ ရွေးကောက်ပွဲအစီစဉ်ကို ထားဝယ်ခရိုင်အတွင်းရှိတော်လှန်ရေးတပ်ဖွဲ့/အင်အားစုများအနေဖြင့် နည်းလမ်းမျိုးစုံသုံး၍ တိုက်ဖျက်သွားကြရန်နှင့် ပြည်သူများအနေဖြင့် (လုံးဝ) ပါဝင်ပက်သက်ခြင်းမပြုကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လောင်းလုံးမြို့နယ် ပကဖ အနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြ ရွေးကောက်ပွဲအစီစဉ်ကို လုံးဝ လက်မခံကြောင်းနှင့် နည်းလမ်းမျိုးစုံဖြင့်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။




