30 C
Yangon

ဝက်လက်၊ ကျောက်မဲနှင့် ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က Y-12 ၊ ဂျက်ဖိုက်တာတို့ဖြင့် ဗုံး ၆၀ နီးပါး ကျဲချ တိုက်ခိုက်မှု ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၅၆ လုံးကျဲချ တိုက်ခိုက်သွားကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၃ မိနစ်ခန့်မှ အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးသည် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ‌ ကျေးရွာများကို ဗုံး ၅၆ လုံးကျဲချ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ သို့သော် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်မှုရှိမရှိဆိုတာကတော့ အတည်မပြုနိုင်သေးဘူး။ တံတားဦးက တက်လာတဲ့ Y-12 လေယာဉ်က ဆက်တိုက်ကို ပျံဝဲပြီး ဗုံးကျဲသွားတယ်။ ဗုံး အလုံးရေ တော်တော်များတယ်။ ကျနော်တို့ ရေထားတော့ ဗုံး ၅၆ လုံးကို ၁၀ ကြိမ်ကျဲချသွားတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကောပေါင်ရွာ ဘုန်းကြီးကျောင်းကိုလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူခဲ့ကြောင်း TNLA ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့နယ်၊ ကောပေါင်ရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဘုန်းကြီး ၁ ပါး ပျံလွန်မူခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ်၊ တော်မရွာအနီးကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article