မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၅၇ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၅ ရက်နေ့တွင် မြင်းခြံမြို့ပေါ်မှ အင်အား ၃၀၀ ခန့်ဖြင့် ညောင်ပင်ရွာဘက်သို့ ထွက်လာသော အကြမ်းဖက် စစ် တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရွာကြီးရွာမှ စတင်ပြီး စစ်ကြောင်း သွားရာလမ်းလျှောက်ကို အောက်တိုဘာလ ၂၁ ရက်နေ့အထိ ဗုံးသီး ၅၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လျှော်ဖြူကျေးရွာသို့ ရောက်ရှိနေကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်းကတော့ အတိအကျ မသိရဘူး။ ဒဏ်ရာရတဲ့ စစ်ခွေးတွေ၊ ပျူခွေးတွေကို မြင်းခြံဆေးရုံကို သယ်သွားတာတော့ တော်တော်များတယ်။ ပထမဆုံးနေ့က ညောင်ပင်ရွာပွဲမှာ အလုံး ၂၀ လောက်ချ လိုက်တာဆိုတော့ တော်တော်ထိတယ်။ ညောင်ပင်ရွာအဝင်မှာ ချတာမှ တော်တော်ထိတာ အဲဒီမှာ ထိတာတွေကို အိမ်စီးကား ၃ စီးနဲ့ သယ်သွားတာ အင်အားက များတယ်။ ညောင်ပင်ရွာကနေ ရွာကြီး ဘက်လမ်းဆုံအထိ လမ်းတလျှောက်ချထားတာ အခုဆိုရင် ညောင်ပင်ရွာ၊ ရွာကြီး၊ ကန်ဒေါင်း၊ သာယာကုန်းနဲ့ ကုန်းသာ အကုန်ကျော်သွားပြီ” ဟု မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ၊ မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်း ၊နွားထိုး ကြီးမြို့နယ် ပကဖနှင့် ရေစကြိုတပ်ပေါင်းစု ဒရုန်း တပ်ဖွဲ့ တို့ ပူပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်းဖက်စစ် တပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေးဦးမြို့ မြောက်ပိုင်းသို့ စစ်ကြောင်းထိုးရန် ထွက်လာသာ အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့ -ရေဦးမြို့နယ် မှ သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ည ၉နာရီ ၃၀မိနစ်ခန့်တွင် ရေဦးမြို့မြောက်ပိုင်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ရေဦးမြို့နယ် ရွာသစ်ရွာအနီး အရောက်တွင် ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီ ပရဟိတကျောင်းအနောက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Tha Pyay Nyo-PDF က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၈ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ်၊ သပြေနီပရဟိတကျောင်းအနောက်ကို စစ်ကြောင်းထိုးလာသော အင်အား ၈၀ ကျော်ပါစစ်ကြောင်းကို ၇၈၀၅ တပ်ခွဲ ၄ သပြေညိုတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်းရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။




