30 C
Yangon

ဆားလင်းကြီး ဝမ်ပေါင် ကုမ္ပဏီကို စစ်တပ်က အက်ဆစ်ကားများ ပို့ဆောင်ပြီး ကျေးရွာများကို စစ်ကြောင်းထိုးရန် နမခ ဌာနချုပ်တွင် အင်အားဖြည့်တင်းနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင် ကုမ္ပဏီကို အကြမ်းဖက် စစ်တပ်က အက်ဆစ်ကားများ ပို့ဆောင်ပြီး ကျေးရွာများကို စစ်ကြောင်းထိုးရန် နမခ ဌာနချုပ်တွင် အင်အားဖြည့်တင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ပြီး ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီထဲကို အကြမ်းဖက် စစ်တပ်က အက်ဆစ်ကားများ ပို့ဆောင်နိုင်ရန် အနီးအနားရှိ‌ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း၊ သို့သော် စစ်တပ် စစ်ကြောင်းတွင် အင်အားအနည်းငယ်သာ ပါဝင်ခြင်းကြောင့် ဆည်တည်းရွာတွင် တပ်စွဲထားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထပ်မံ လာရောက်မည့် အင်အားကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် လက်ရှိအချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲ၌ စစ်ကား အစီး ၂၀ ကျော် အပါအဝင် အက်ဆစ်ကားများကိုပါ ရောက်ရှိနေပြီး စစ်မှုထမ်း တပ်သားသစ် အများအပြားကို ခေါ်ဆောင်ကာ အင်အား ဖြည့်တင်းထားကြောင်း သိရှိရသည်

“သူတို့ အက်ဆစ်ကားတွေနဲ့ စစ်ကား ၂၀ ကျော်လောက်က နမခထဲ ကိုရောက်နေပြီလို့သိရတယ်။ နမခထဲမှာက အခု အက်ဆစ်ကားတွေရော စစ်ကားတွေရော အစီး ၂၀ ကျော်လောက်ရှိတယ်။ နောက်ပြီး စစ်မှုထမ်း တပ်သားသစ်တွေလည်း အများအပြား ခေါ်ထားတယ်လို့ သိရတယ်။ အဲဒီဟာတွေလည်း ဝမ်ပေါင်ထဲကို စုပြီး စစ်ကြောင်းထိုးမယ့် သဘောရှိတယ်။ သူတို့ကလည်း ဗျူဟာတော့ ခင်းနေပုံရတယ်။ ကျနော်တို့ ကြားထားတာကတော့ တစ်လ စီမံကိန်းနဲ့ စစ်ကြောင်းထိုးမယ်လို့ သတင်းတွေကြားထားတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းကလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နေရာပေါင်းစုံမှ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ ကုမ္ပဏီဝင်းအတွင်း ပေါက်ကွဲမှုများဖြစ်ပေါ်ပြီး မီးများလောင်ကျွမ်းခဲ့ ကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း အရေးပေါ် ဥဩစွဲသံများ တစ်ညလုံး ထွက်ပေါ်ခဲ့ပြီး မီးသတ်ကားများ၊ စစ်ကားနှင့်ရဲကားများဖြင့် ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဝမ်ပေါင် ကုမ္ပဏီအနီးရှိ ကျေးရွာ ၁၁ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများသည် စစ်ရေးတင်းမာနေသောကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article