ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့် KK Park အတွင်း အဆောက်အအုံတချို့ကို မိုင်းဖောက်ခွဲသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူတချို့၏ ပြောဆိုချက်နှင့် ထိုင်းသတင်းဌာနတချို့၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် မြ၀တီမြို့နယ်၊ KK Park အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ မီးခိုးလုံးများနှင့် မီးပွားများကို မြင်တွေ့ရကြောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းကလည်း ယင်းကဲ့သို့ ပင်ပေါက်ကွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“BGF က ကျားဖြန့် အဆောက်အအုံတချို့ကို မိုင်းခွဲတာလို့တော့ သိရတယ်။ ၂ ရက်ဆက်တိုက်ရှိပါပြီ။ မနေ့ (အောက်တိုဘာ ၂၄ ရက်နေ့) နဲ့ တစ်နေ့ (အောက်တိုဘာလ ၂၃ ရက်နေ့) ကရော ၂ ရက်လုံး မိုင်းခွဲသံကြားရတာ။ မီးခိုးလုံးတွေနဲ့ မီးတွေလည်းမြင်ရတယ်” ဟု နယ်စပ်ဒေသမှ သတင်းရင်းမြစ်တချို့က ပြောဆိုသည်။
ထိုင်းသတင်းဌာနဖြစ်သော The Reporters တွင် ယမန်နေ့ ညနေပိုင်း KK Park ပေါ်တွင် ပျံသန်းနေသော ဒရုန်းနှစ်စင်းကို တွေ့မြင်ခဲ့ပြီး ထိုင်းဘက်ခြမ်းမှ မြင်နိုင်သော အဆောက်အအုံတစ်ခု၏ အထက်တွင် ကျယ်လောင်သော ပေါက်ကွဲမှု၊ မီးခိုးနှင့် မီးပွားများ ထွက်ပေါ်လာခဲ့ကြောင်း သတင်းဖော်ပြသည်။
လတ်တလော KK Park မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးလာသော နိုင်ငံခြားသားအရေအတွက်မှာ ၁၁၉၈ ဦး အထိရှိနေပြီး နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါဝင်ကြောင်း ထိုင်းသတင်းက ဆိုသည်။
KK Park မှ ကျားဖြန့် တရုတ်သူဌေးများကို စစ်တပ် လက်အောက်ခံ BGF တပ်ဖွဲ့မှ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်တင်ဝင်း၊ ဗိုလ်မုတ်သုန်တို့အပြင် ဗိုလ်နိုင်မောင်ဇော်ကလည်း ခိုလှုံခွင့်ပေးထားကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်တချို့က ဆိုသည်။
“နိုင်ငံတကာ ကအလိုရှိနေတဲ့ ကျားဖြန့် ခေါင်းဆောင် တရုတ် သူဌေးတွေကိုု BGF နိုင်မောင်ဇော်က ရှေ့တန်းရုံးဖြစ်တဲံ အရင်ချိတ်ပိတ်ခံထားရတဲ့ ဟိုတယ်အဟောင်းမှာလည်း နေရာချထားပေးနေတယ်ဆိုပြီး သိရတယ်။ ဒါက သတင်းတွေထွက်နေတာပေါ့။ ဒါပေမယ့် သေချာတာကတော့ BGF က ကားတွေနဲ့ ကျားဖြန့် တရုတ်တွေကိုတော့ သယ်ထုတ် ခေါ်ထုတ်ပေးနေတာပဲ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။





