ထိုင်းနိုင်ငံ၊ နှစ်နိုင်ငံနယ်စပ်အနီး မဲဆောက်မြို့နယ်၊ မဲရာမတ်စစ်ဆေးရေးဂိတ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၉၅ ဦး ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းများနှင့် ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်အစောပိုင်း မဲဆောက်မြို့နယ်၊ မဲရာမတ် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေးဂိတ်အနီးတွင် ထိုင်းအာဏာပိုင်များက ကင်းလှည့်နေစဉ် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၆၄ ဦး ဖမ်းဆီးရရှိကြောင်း၊ မြန်မာနိုင်ငံသား ၆၄ ဦးတွင် အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့ ပါဝင်ကြောင်း၊ ၎င်းတို့နှင့်အတူ မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသော ထိုင်းနိုင်ငံသား ၃ ဦး ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဝင်ရောက်လာသူများမှာ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး တရားဝင်အထောက်အထား စာရွက်စာတမ်း မပါဝင်ကြောင်း၊ ထို့ကြောင့် တာ့ခ်ခရိုင်ရှိ မဲရာမတ်ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရှိရသည်။
အလားတူ အောက်တိုဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီအချိန်ကလည်း ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲရမတ် စစ်ဆေးရေးဂိတ်အနီးတွင် တောလမ်းများမှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်း သို့ ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၁ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများက ဘန်ကောက်တွင် အလုပ်လုပ်ရန်အတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၅၀၀၀ ဖြင့် ပွဲစားခ ပေးဝင်ရောက်လာသူများဖြစ်ကြောင်း သိရှိရသည်။
တရားမဝင် မြန်မာနိုင်ငံသား ၃၁ ဦးမှာ လူငယ်များဖြစ်ကြပြီး အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ ပါဝင်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း သို့ ဝင်ရောက်ရန် သောင်ရင်းမြစ်ကမ်းအနီးတွင် ၉ ရက်ကြာ နေထိုင် စောင့်ဆိုင်းခဲ့ကြောင်း၊ ၎င်းတို့အားလုံးကို တရားမဝင် ဝင်ရောက်မှုဖြင့် တာ့ခ်ခရိုင်၊ မဲရမတ် ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။




