ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျားဖြန့် KK Park ကို KNU က အကျိုးအမြတ်ရယူ မြေငှားရမ်းခြင်းနှင့် လုံခြုံရေးစောင့်ရှောက်ခ ရယူနေသည်ဆိုသော အကြမ်းဖက်စစ်အုပ်စု၏ ထုတ်ပြန်ပြောဆိုချက်ကို KNU က တရားဝင် ငြင်းဆိုလိုက်သည်။
မြန်မာအကြမ်းဖက် စစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက KNU အနေဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် မြေငှားရမ်းခြင်းနှင့် လုံခြုံရေး စောင့်ရှောက်ခ ရယူခြင်းတို့ဖြင့် အကျိုးအမြတ်များရရှိသည်ဟု စွပ်စွဲထားကြောင်း၊ KNU က အဆိုပါ စွပ်စွဲချက်များအားလုံးကို ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း KNU က ယနေ့ ထုတ်ပြန်ကြေညာသည်။
မြန်မာစစ်အုပ်စုက စွပ်စွဲထားသည့် ဧက ၁၀၀ မြေကွက် (Trans- Asia International Holding Group (Thailand) ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မုလအိအလင်းကုမ္ပဏီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ရပ်ဆိုင်းနှုတ်ခဲ့ပြီးဖြစ်ကြောင်း၊ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် ဧက ၅၀၀ ရှိသော မြေကွက်မှာ သီးခြားစီဖြစ်ကြောင်း၊ မြေကွက် တစ်ခုနှင့် တစ်ခု ၃ ကီလိုမီတာ အကွာတွင် တည်ရှိကြောင်း KNU က ဆိုသည်။
ထို့ကြောင့် KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းသည် KNU နှင့် လုံး၀ (လုံး၀) မသက်ဆိုင်ဘဲ စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ၏ စွပ်စွဲချက်ကို KNU က ပြတ်ပြတ်သားသားငြင်းဆိုကြောင်း၊ မြန်မာစစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူက စစ်အုပ်စု၏ မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ အကျိုးအမြတ်ရရှီနေမှုကို ဖုံးကွယ်လိုသည့်အတွက် KNU ကို စွပ်စွဲပြီး မဟုတ်မမှန်သော သတင်းအမှားများ ဖြန့်ချိမှုသာဖြစ်သည့်အတွက် KNU အနေဖြင့် ငြင်းပယ်ကြောင်း KNU တရားဝင် သတင်းထုတ်ပြန် ကြေညာထားသည်။
“KNU အနေနဲ့ ထုတ်ပြန်ကြေညာချက်တွေအတိုင်း အခိုင်အမာ ရပ်တည်ပါတယ်။ တခြားပြောစရာမရှိပါ” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က အောက်တိုဘာလဆန်းပိုင်းအတွင်း KK Park ကို ဝင်ရောက်စီးနင်းပြီး စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာကြောင်း၊ အောက် တိုဘာလ ၂၃ ရက်နေ့တွင် BGF က ဦးစီးလုပ်ကိုင်နေသော KK Park အတွင်းမှ ကျားဖြန့် လုပ်ကိုင်နေသော ပြည်တွင်းပြည်ပ လူအများအပြားကို နှင်ထုတ်မှု စတင်လုပ်ဆောင်လာကြောင်း သိရှိရသည်။






