ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အာရှလမ်းနှင့် ဒေါနတောင်လမ်းဟောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန် အကြမ်းဖက် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ် အာရှလမ်းနှင့် ဒေါနတောင်လမ်းဟောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် စစ်မှုထမ်း တပ်သားသစ် အမြောက်အများ အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေ၍ နေ့စဉ် နေရာအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ မြပတိုင်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုများပြားသောကြောင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ထီဖိုးစံရွာနှင့် ကော့ဖန်ရွာ အကြားကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး ရဲဘော်များကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင်လည်း တမိုင်ကုန်းရွာနှင့် ကော့နွဲ့ရွာဘက်၌ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နဘူး-နန်းကော့တေး-လန်းခိုဘိုင်း-မြပတိုင် ရင်ကွဲတောင်လမ်းပိုင်းကိုလည်း အကြမ်းဖက် စစ်တပ်၏ နဘူးဒေသ အခြေစိုက် ခမရ ၅၄၇ တပ်ရင်း၊ ၅၄၈ တပ်ရင်း ၊ ၅၄၉ တပ်ရင်း နှင့် DKBA ဗိုလ်ဘိ အဖွဲ့ ၊ BGF အဖွဲ့ တို့က စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။
ထိုတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ ရာနှင့်ချီရှိပြီး ထွက်ပြေးသူများနှင့် တော်လှန်ရေး တပ်ဖွဲ့များထံ အလံဖြူထောင်သူများ အပါအဝင် အရှင်ဖမ်းဆီးရမိသူများ၊ လက်နက်ချသူများလည်းရှိကြောင်း သိရသည်။
“ကော့ကရိတ်မှာ တစ်နေ့ ကို ၅ နေရာလောက်က တိုက်ပွဲဖြစ်နေတာ အာရှလမ်းနဲ့ ဒေါန တောင်လမ်းဟောင်းကို ရအောင် တိုက်မှ လမ်းပြန်ပွင့်မှာဆိုတော့ စစ်ခွေးတွေက အသကုန်မဲပြီး ချနေတာ သေတာမနည်းတော့ဘူး ရာဂဏန်းဖြစ်နေပြီ ထွက်ပြေး အလင်းဝင်တာရော ဒဏ်ရာနဲ့ အရှင်မိတာရော လက်နက်ချတာရော ရှိနေတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ် အတွင်းကို စစ်ကူးပို့နိုင်ရန် တပ်မ ၂၂ ဘားအံဘက်မှ ၆ဘီးကား ၄ စီးဖြင့် ကျုံဒိုးသို့စစ်ကူခဲယမ်းများ ပို့ဆောင်ထားကြောင်း၊ ထို့ပြင် မော်လမြိုင် ရတခ ဘက်မှလည်း ကော့ဘိန်းမွန်ရွာသို စစ်ကား ၆ စီး အင်အား ၁၀၀ ခန့် ဖြည့်တင်းထားကြောင်း၊ ထို့ပြင် DKBA ၊ BGF နှင့် PC အဖွဲ့ကိုပါ စစ်တပ်က လမ်းပြအဖြစ် ခေါ်ဆောင်ပြီး ဝင်ရောက် တိုက်ခိုက်ခိုင်းနေကြောင်း သိရသည်။




